မှိုဆိုရင် ဒီတိုင်းကြော်စားကြတယ်၊ ကန်စွန်းရွက်နဲ့ရောကြော်ကြတယ်၊ အရည်သောက်လေး လုပ်သောက်ကြတယ်။ မုန့်နှစ်နဲ့ ကြော်စားကြတာမျိုးကတော့ ရှားပါတယ်။ မုန့်နှစ်နဲ့ကြော်တာကျတော့ အချဉ်လေးနဲ့တို့ပြီး သရေစာအဖြစ်စားလို့ရတာပေါ့။ ပိတ်ရက်တွေမှာ လွယ်လွယ်ကူကူ လုပ်စားလို့လည်း ရတာပေါ့။ ဒီတော့ မှိုကြိုက်တဲ့သူတွေအတွက် မှိုကို မုန့်နှစ်နဲ့ အရသာရှိအောင် ဘယ်လိုကြော်ရမလဲဆိုတာကို မျှဝေပေးလိုက်တယ်နော်။

ဂျုံမှုန့် (All Purpose Flour) – ပန်းကန်လုံးအသေးရဲ့ သုံးပုံ ပုံ နှစ်ပုံစာကို ပန်းကန်လုံးအကြီးထဲထည့်ပါ။ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ အရောင်တင်ငရုပ်သီးမှုန့် – အနည်းငယ်၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ Oregano ဟင်းခတ်အမွှေးအကြိုင် – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ မုန့်ဖုတ်ပေါင်ဒါမှုန့် (Baking Powder) – လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်ပြီး မွှေပေးပါ။

သမအောင်မွှေပြီးတာနဲ့ စပါကလင်ရေ (Sparkling water) – ပန်းကန်လုံးအသေးရဲ့ သုံးပုံ ပုံ နှစ်ပုံစာထည့်ပြီး ထပ်မွှေပါ။ ကြက်ဥမွှေတဲ့အခါမှာသုံးတဲ့ အတံလေးနဲ့မွှေပေးတာတော့ အကောင်းဆုံးပါပဲနော်။

မှိုကို ကိုယ်စားမယ့်ပမာဏလောက်ယူပြီး ထူထူလေးလှီးပေးပါ။

အကြော်တွေကြော်တဲ့အခါမှာသုံးတဲ့ Breadcrumbs ကိုလည်း ပန်းကန်ပြားထဲထည့်ပါ။ Breadcrumbs ကို City Mart တွေမှာ ဝယ်လို့ရပါတယ်။

လှီးထားတဲ့မှိုတွေကို တစ်ခုချင်းစီယူပြီး ခုနကလုပ်ထားတဲ့ မုန့်နှစ်ထဲထည့်စိမ်ပါ။ ပြီးရင် Breadcrumbs ထဲထည့်ပြီး နယ်ပါ။ ပြီးတာနဲ့ ဆီအိုးထဲထည့်ပြီး ကြော်လိုက်ရုံပါပဲ။

ကြော်ပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ကိုယ်နှစ်သက်ရာအချဉ်နဲ့ တို့ပြီးစားသုံးနိုင်ပါပြီ။

Photo Source: www.thecookingfoodie.com