အိန္ဒိယနိုင်ငံရဲ့ အထင်ကရဟင်းလျာတစ်ခုဖြစ်တဲ့ Curried ထမင်းလေးလုပ်စားကြရအောင်။ အသီးအနှံတွေအစုံအလင်နဲ့ဆိုတော့ အရသာလည်းအထူးကောင်းပြီး ကျန်းမာရေးနဲ့လည်း အလွန်ညီညွတ်မှုရှိပါတယ်။ ကလေးလူကြီးအကြိုက်အရသာလေးနဲ့ Curried ထမင်းလေးက အစုံပါတော့ အမျိုးမျိုးချက်နေစရာမလိုတော့ဘူးပေါ့။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ (လှီးပြီးသား) – ၁ လုံး

အညိုရောင်ထမင်း (ချက်ပြီးသား) – ၅ သို့မဟုတ် ၆ ခွက်

Curry အမှုန့် – လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ပဲစေ့၊ မုန်လာဥနီ (ပြုတ်ပြီး၊ ရေစစ်ပြီး) – ၁၆ အောင်စခန့်

ဆား၊ ငရုတ်ကောင်း – အနည်းငယ်

စပျစ်သီးခြောက် (လှီးပြီးသား) – အနည်းငယ်

အယ်လ်မွန် (ဖုတ်ပြီးသား) – အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ဆီမကပ်သည့် ဒယ်အိုးအကြီးထဲသို့ လှီးထားသည့်ကြက်သွန်နီကိုထည့်ပြီး အညိုရောင်သမ်းသည်အထိ ဆီသတ်ပေးပါ။ ဒယ်အိုးမကပ်စေဖို့ လိုအပ်လျှင်ရေအနည်းငယ်ထည့်ပေးပါ။

အညိုရောင်သမ်းနေတဲ့ကြက်သွန်ရှိတဲ့ ဒယ်အိုးထဲသို့ ချက်ပြီးသားအညိုရောင်ထမင်း၊ curry အမှုန့်၊ ပဲစေ့နှင့် မုန်လာဥနီအပြုတ်တို့ကို ရောထည့်ပြီး သေချာနှံ့အောင်မွှေပေးပါ။

အရသာအပေါ့အငန်အတွက် ဆား၊ ငရုတ်ကောင်းတို့ခတ်ပေးပြီး စပျစ်သီးခြောက်၊ အယ်လ်မွန်တို့ဖြူးပေးပြီးသည်နှင့် အရသာရှိရှိ ပူပူနွေးနွေး စားသုံးနိုင်ပါပြီ။