တိမ်ကော်ဖီ (သို့) မှော်ဆန်တဲ့အရသာပေးစွမ်းတဲ့ မှော်ကော်ဖီ (သို့) Dalgona ကော်ဖီ စသည်ဖြင့် အမျိုးမျိုး အမည်ပေးနေကြတဲ့ ကော်ဖီက ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာမှာ တော်တော်လေးရေပန်းစားနေတဲ့ ကော်ဖီတစ်မျိုးပဲဖြစ်ပါတယ်။ ဒီကော်ဖီဖျော်နည်းက ဘယ်ကစတင်လာသလဲဆိုရင် ကိုရီးယားနိုင်ငံက အစပြုလာတာပဲဖြစ်ပါတယ်။ ကွာရန်တင်းအချိန်မှာ လူအများက အိမ်မှာပဲ နေ့စဉ်ရက်ဆက် အချိန်ကုန်လာရတော့ ပျင်းလာတဲ့အခါမှာ ဒီကော်ဖီကို ဖျော်သောက်လာကြတာပါ။

ထိုမှတဆင့် တစ်တော့၊ ဖေ့ဘွတ်ခ်စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေပန်းစားလာပါတယ်။ ဒီကော်ဖီကို Dalgona ကော်ဖီလို့ အမည်တွင်ရခြင်းက သူ့ကော်ဖီရဲ့အရသာက ကိုရီးယားနိုင်ငံက Dalgona သကြားလုံးအရသာနဲ့ တူတဲ့အတွက်ကြောင့်ပါ။

MyFood Myanmar ရဲ့ ကော်ဖီချစ်သူတို့လည်း အိမ်မှာနေရင်း ပျင်းလာတယ်ဆိုရင် ဒီကော်ဖီလေး ဖျော်သောက်နိုင်အောင်လို့ ဖျော်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသင့်ဖျော် ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေနွေးပူ စားပွဲတင်ဇွန်း ၄ ဇွန်း
  • နွားနို့အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ရေနွေးပူ စားပွဲတင်ဇွန်း ၄ ဇွန်းတို့ ထည့်ထားလိုက်ပါ။ ထို့နောက် လက်ကိုင်မွှေစက်ဖြင့် မွှေဖျော်ပေးလိုက်ပါ။

၂။ အရှိန်ဖြည်းဖြည်းချင်းကနေ တဆင့်ချင်းစီ အရှိန်မြင့်ပေးလိုက်ပါ။ ခရင်မ်ပုံသဏ္ဍာန် ကော်ဖီအမြှုပ်လေးတွေ ထလာသည်အထိ ဖျော်ပေးရပါမယ်။ ခန့်မှန်းခြေ ၅ မိနစ်ခန့် ကြာတတ်ပါတယ်။ (တကယ်လို့ အိမ်မှာ လက်ကိုင်ဖျော်စက်မရှိဘူးဆိုရင်လည်း ကြက်ဥမွှေခလောက်တဲ့ ဇွန်းဖြင့် မွှေခလောက်ပေးမယ်ဆိုလည်း ရပါတယ်။)

၃။ ထို့နောက် ကော်ဖီသောက်မယ့် ဖန်ခွက်ထဲသို့ နွားနို့ ထည့်ပေးပါ။ နွားနို့ကို ဖန်ခွက်အပြည့်မထည့်ဘဲ ဖန်ခွက်ရဲ့ ၄ ပုံ ၃ ပုံခန့်သည် ထည့်ပေးရပါမယ်။ ရေခဲတုံး ထည့်ချင်လည်း ရသလို မထည့်လည်း ရပါတယ်။

၄။ ပြီးရင်တော့ စောစောကဖျော်ထားတဲ့ ကော်ဖီခရင်မ်လေးကို နွားနို့အပေါ်ကနေ လောင်းထည့်ပေးလိုက်ပါ။ ကော်ဖီခရင်မ်က နွားနို့ထဲ ဖျော်ဝင်သွားခြင်းမရှိဘဲ နွားနို့ပေါ်မှာ တိမ်ပုံသဏ္ဍာန် ပေါလောလေး ပေါ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။

ဒါဆိုရင်တော့ Dalgona ကော်ဖီလေး ရရှိသွားပါပြီ။

ဝေဖာ (သို့မဟုတ်) ပေါင်မုန့်လေးနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

Source : Seonkyounglongest.com