ပြည်ကြီးငါးများက ပရိုတင်းဓာတ်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ကယ်လိုရီဓာတ် လျော့နည်းစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်အလေးချိန် တက်လာမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။

ပြည်ကြီးငါးကို ငရုတ်သီးများများနဲ့ စပ်စပ်လေး ချက်စားမယ်ဆိုရင်လည်း အရသာရှိသလို မုန့်နှစ်ကောင်းကောင်းစပ်ပြီး ကြော်စားမယ်ဆိုရင်လည်း သရေစာမုန့်အနေနဲ့ စားသုံးနိုင်ပါသေးတယ်။

သရေစာမုန့်အဖြစ် စားသုံးချင်တဲ့ Foodies လေးတွေအတွက် ပြည်ကြီးငါး အကွင်းကြော် ဘယ်လိုပြင်ဆင်ချက်ပြုတ်နိုင်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး ၂ ပေါင်
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ကြက်ဥ ၂ လုံး

Source: Alibaba.com

  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • အကြော်ခံပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၂၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပြည်ကြီးငါးများကို သန့်စင်အောင် ဆေးကြောသန့်စင်ပြီးတဲ့နောက်မှာ လက်မဝက်အကျယ်ခန့် အကွင်းလိုက် လှီးဖြတ်ထားပါ။

၂။ အလုံပိတ် ပလပ်စတစ်အိတ်ထဲတွင် ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ နှံ့စပ်အောင် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ပြည်ကြီးငါးအကွင်းများကို နည်းနည်းချင်းစီထည့်ပြီး အိတ်ကို လှုပ်ခါပေးလိုက်ပါ။

၃။ ဇောက်နက်သော ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥများကို မွှေခလောက်ပြီးနောက် နွားနို့ထည့်ကာ သမအောင် မွှေပါ။ ဂျုံမှုန့်များ ကပ်နေသော ပြည်ကြီးငါးများကို ကြက်ဥ နွားနို့အရောအနှောထဲ ထည့်နှစ်လိုက်ပါ။

တစ်ဖန် အကြော်ခံပေါင်မုန့်များဖြင့် ကပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီများများထည့်ပါ။ ဆီပူလာပါက ပြည်ကြီးငါးများထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပြည်ကြီးငါး အကွင်းကြော်လေး ရရှိသွားပါပြီ။

မိမိကြိုက်နှစ်သက်ရာ အချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Sandandsisal.com