အချိုကြိုက်တဲ့သူတွေနဲ့ ကန်စွန်းဥကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ကန်စွန်းဥကို သကြားနဲ့ စားကောင်းအောင် ကြော်ရမယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းကလည်း ကန်စွန်းဥနဲ့ သကြားပဲလိုတာပါ။ အရမ်းကိုရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းမို့ အိမ်မှာ သရေစာမုန့်အဖြစ်နဲ့ အပျင်းပြေလုပ်စားကြည့်လို့ရတာပေါ့။

ပထမဆုံးအနေနဲ့ ကန်စွန်းဥတွေကို အခွံခွာပြီး ပုံမှာပြထားသလောက် အနေတော်အဝိုင်းလေးတွေဖြစ်အောင် လှီးပေးပါ။

ကိုယ်စားချင်သလောက် လှီးပြီးရင်တော့ ဒယ်အိုးထဲကို ဆီထည့်ပြီး ကြော်ပါမယ်။ အလယ်အသားကိုထိုးကြည့်ပြီး ကျက်ပြီဆိုရင်၊ အပြင်ကလည်း ရွှေအိုရောင်လေး အရောင်ပြောင်းလာပြီဆိုရင်တော့ ခူးထုတ်လိုက်ပါ။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး သကြား – စားပွဲတင်ဇွန်း ၄ ဇွန်း (သို့) ၅ ဇွန်းထည့်ပြီး သကြားတွေ ပျော်သွားတဲ့အထိ တည်ထားပေးပါ။

သကြားတွေပျော်သွားပြီဆိုရင်တော့ ခုနကကြော်ထားတဲ့ ကန်စွန်းဥတွေကိုထည့်ပြီး သကြားတွေနှံ့သွားအောင် ခဏမွှေနေပါ။

အားလုံးပြီးသွားပြီဆိုရင်တော့ ကြော်ထားတာတွေကို ခူးထုတ်ပြီး ဆီခဏစစ်ထားပါ။

ဆီစစ်သွားပြီဆိုမှ ပန်းကန်ပြားထဲ လှလှပပလေးစီထည့်ပြီး နှမ်းကြိုက်ရင် အပေါ်ကနေ နှမ်းမဲလေးတွေဖြူးပြီး စားသုံးနိုင်ပါတယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ သရေစာအချိုမုန့်ကို ရရှိသွားပါပြီ။