ပါဝင်ပစ္စည်းများ

  • ဘဲ – ၁ကောင် (၈၀ကျပ်သားခန့်)
  • ခေါက်ဆွဲ – ၁ပိသာ ၅၀ ကျပ်သား နှင့်ဂေါ်ဖီ – ၁၀ ကျပ်သား
  • ကြက်သွန်မိတ် – ၁၀ ကျပ်သား၊ ကြက်သွန်နီ – ၅ ကျပ်သား
  • ကြက်သွန်ဖြူ – ၁၅ ကျပ်သား

  • ပဲငံပြာရည်အကြည် – ၆ဇွန်း (ထမင်းစားဇွန်း)
  • တရုတ်မဆလာ – ဇွန်းအသေး တဝက်ခန့်
  • နာနတ်ပွင့် – ၆ပွင့်ခန့်၊ ဂျင်း – ၅ ကျပ်သား
  • ဆီ – ၂၀ ကျပ်သား၊ ဆား – သင့်တင့်ရုံ

ပြုလုပ်နည်း

ဘဲအဆီဘူးကို ဖယ်ထုတ်ပြီး ဘဲကိုရေဆေးပြီး ဂျင်း၊ ကြက်သွန်ဖြူ နှင့်ဆား၊ ပဲငံပြာရည်အကြည်၊ တရုတ်မဆလာ၊ နာနတ်ပွင့် တို့ကို အသင့်အတင့် ထည့်ပြီး ရေကို ဘဲမြုတ်သည်အထိပြီး ပေါင်းအိုးထဲတွင် ဘဲသား နူးသည်အထိပေါင်းပါ။

ဘဲသား နူးအိသွားလျှင် ဘဲကိုအိုးထဲမှထုတ်၍ အအေးခံပြီး အသားမျှင်ပြီး အတုံးလေးများတုံးပါ။ ဘဲအရိုးကို ပြုတ်ထားသော အရည်ထဲတွင် ပြန်ထဲ့ပြီး ဟင်းချိုအတွက် ဆက်ပြုတ်ပါ။ ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။ ကြက်သွန်မိတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းများကို ပါးပါးလှီးထားပါ။

ရေနွေးကို ဆူအောင်တည်ပြီး ဆီချက်ခေါက်ဆွဲဖက်ကို မိနစ်အနည်းငယ် နူးအောင် ပြုတ်ပြီး ကြက်သွန်ဖြူ ဆီချက်၊ ပဲငံပြာရည်အကြည်၊ ဆား၊ ငရုတ်ကောင်းမှုန် နှင့် ကြက်သွန်မိတ်တို့ကိုထည့်ကာ နှံ့အောင်နယ်၍ တုံးထားသော ဘဲသား နှင့် ကြက်သွန်မိတ်ကိုအပေါ်မှ ဖြူးပါ။ အပေါ့အငံ မြည်း၍ ပဲငံပြာရည်အကြည်နှင့် ဆားတို့ကို မိမိစိတ်ကြိုက် ထည့်နိုင်ပါသည်။

ဟင်းအရည် ပွက်ပွက်ဆူလာလျှင် ကြက်သွန်မိတ်ခတ်ပြီး ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်၍ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ငရုတ်ဆီနှင့် လုပ်ထားသည့် အချဉ်ကို ဘဲသားဆီချက် နှင့်တွဲ၍ သုံးဆောင်နိုင်ပါသည်။