အားလုံးပဲ မင်္ဂလာပါ။ ပုံလေးကိုကြည့်လိုက်ကတည်းက စားချင်စဖွယ်လေးဖြစ်နေပြီနော်။ တခါတလေ အပြောင်းအလဲအနေနဲ့လေး လုပ်စားလို့ရအောင် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘဲတစ်ကောင် – ၁ ကီလို
  • ဂျင်း – လက်နှစ်ဆစ်ခန့်
  • ကြက်သွန်နီဥကြီး – ၁ လုံး
  • ကြက်သွန်ဖြူ – ၅ မွှာ
  • ကြက်သွန်မြိတ် – (အနည်းငယ်)
  • သစ်ဂျပိုးခေါက် – ၁ ခု
  • နာနတ်ပွင့် – ၂ ခု
  • ဆန်အရက် – ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • ငံပြာရည် – ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • ပဲငံပြာရည်အပျစ် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ခရုဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ရေ – ၇၅၀ မီလီလီတာ

ပြုလုပ်နည်း

ပထမဆုံး ဘဲတစ်ကောင်လုံး၏ အတွင်းအပြင်ကို ဆားဖြင့် နာနာပွတ်ပြီး ရေဖြင့် သန့်စင်အောင် ဆေးပါ။ ဘဲကို အတုံး ခပ်ကြီးကြီး ခုတ်ပြီး ဇကာထဲ ထည့်၍ ရေစစ်ထားပါ။

ဒယ်အိုး ထဲသို့ ဆီ စားပွဲတင် ဇွန်းတစ်ဇွန်း ထည့်ပြီး ပါဝင် ပစ္စည်းများြ ဖစ်ကြသည့် (ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ သစ်ဂျပိုးခေါက် + နာနတ်ပွင့်) တို့ကို အဆင်ပြေသလိုလှီးထည့်ပြီး အနံ့မွှေးလာအောင်ဆီသတ်ပေးပါ။ဆီ အနည်းငယ် မျှသာ ထည့်ရန် လိုပါသည်။

ဘဲသားမှ အဆီများ အလိုလို ထွက်လာ ပါလိမ့်မည်။ ထို့နောက် အသင့် ခုတ်ထားသည့် ဘဲသားများ ပါထည့်ပြီး ရောမွှေပေးပါ။ ဘဲသားကို ဆီဖြင့် အနည်းငယ် လှိမ့်ပြီး အနံ့မွှေးလာပါက မီးပိတ်ချပြီး (Pressure Cooker) ပေါင်းအိုး ထဲသို့ လောင်းထည့် လိုက်ပါ။

ဇလုံ တစ်လုံး ထဲတွင် ရေ (၇၅၀) မီလီလီတာထည့်ပြီး ပါဝင် ပစ္စည်းများ ဖြစ်ကြသည့် (ဆန်အရက်၊ ငံပြာရည်၊ ပဲငံပြာရည်အပျစ်၊ ခရုဆီ ၊သကြား) တို့ကို ပါဝင် အချိုးအစား အတိုင်း ထည့်မွှေပြီး ဘဲသား ထည့်ထားသည့် ပေါင်းအိုး ထဲသို့ လောင်းထည့်၍ အဖုံးပိတ်ကာ ၄၅-မိနစ် ကြာအောင် ပေါင်းပေးပါ။ (Pressure Cooker ပေါင်းအိုး မရှိပါက ထမင်းပေါင်းအိုးဖြင့်ပေါင်းပါ) ဘဲသားများ နူးအိလာပါက အရသာရှိစွာ အသင့်စားသုံးနိုင်ပါသည်။

အနံ,အရသာဖြင့် ပြည့်ဝသော ဘဲပေါင်းနည်း (Duck Stew)ဖြစ်ပါသည်။

Credit: ဇွဲသုသု