ကတ်ကြေးကိုက်ကြိုက်တဲ့သူတွေအတွက် ကိုယ်တိုင် အိမ်မှာလုပ်စားလို့ရအောင် နည်းလမ်းလေး မျှဝေပေးလိုက်ပါတယ်။ ကတ်ကြေးကိုက်ကို အရသာရှိပြီး စားချင်စဖွယ်လေးဖြစ်အောင် ကြော်ဖို့ကလည်း မခက်ခဲပါဘူးနော်။ ဒါဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာကို အဆုံးထိသေချာ ဖတ်ကြည့်လိုက်ရအောင်။

ကြက်ရင်အုံသား – ၃ ဆယ်သားကို တစ်လက်မလောက်အတုံးလေးတွေတုံးပြီး ပန်းကန်ထဲထည့်ပါ။ ခရုဆီ – စားပွဲတင်ဇွန်း တစ်ဝက်နဲ့ သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ရေ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်နယ်ပါ။

ကပ်ကြေးကိုက်လုပ်တဲ့ နန်းပြားခေါက်ဆွဲ – ၂၃၀ ဂရမ်ကို ပန်းကန်ထဲထည့်ထားပါ။ ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဥ – ၁ လုံးကိုလည်း အဆင်သင့်လုပ်ထားပါ။

ဒယ်အိုးအကြီးထဲကို ဆီထည့်ပြီး ကြက်သားတွေကို ကြော်ရပါမယ်။ ကြော်ပြီးရင် ပန်းကန်ထဲခူးထုတ်ထားပါ။

ဒယ်အိုးထဲကို ဆီထပ်ထည့်ပြီး ကြက်ဥ တစ်လုံးကိုဖောက်ထည့်ပြီးမွှေပါ။ ခေါက်ဆွဲတွေထည့်မွှေပါ။ ခုနက အဆင်သင့်လုပ်ထားတဲ့ ပဲငံပြာရည်အကြည်၊ ငါးငံပြာရည်၊ သကြား – စားပွဲတင်ဇွန်း ၁ ဇွန်းကိုထည့်ပြီး မွှေပါ။ ငရုပ်ကောင်းမှုန့်လည်း နည်းနည်းထည့်ပါ။ ခုနကကြော်ထားတဲ့ ကြက်သားတွေလည်း ထည့်မွှေပါ။ ကြက်သွန်မြိတ်ကြိုက်ရင် နည်းနည်းလှီးပြီး ထည့်ပါ။

ရပြီဆိုရင်တော့ စားချင်စဖွယ်လေးဖြစ်အောင် ပန်းကန်ပြားကြီးကြီးလေးထဲကို ဆလပ်ရွက်တွေ စီထည့်ပြီး ကြော်ထားတဲ့ ကတ်ကြေးကိုက်တွေထည့်ပါ။ အချဉ်ထည့်တဲ့ပန်းကန်လေးထဲကို ကိုယ်ကြိုက်နှစ်သက်ရာ ဆော့စ်ထည့်ပါ။ ဒါဆိုရင်တော့ အရသာရှိပြီး စားချင်စရာကောင်းတဲ့ ကတ်ကြေးကိုက်ကို ရရှိသွားပါပြီ။

Photo Source: www.pailin’skitchen.com