ဆိုင်မှာကြော်သလိုကြက်ကြော်မျိုးစားချင်သူများအတွက် အိမ်မှာပဲ ကိုယ်တိုင် အရသာရှိရှိလေး ကြော်စားလို့ရအောင် ကြော်နည်း ၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ကြက်ရင်အုံသား ၂ ခုကို ပုံမှာပြထားသလောက် တစ်လက်မစာအတုံးလေးတွေ တုံးလိုက်ပါ။ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်နယ်ပါ။

နယ်ထားတဲ့ကြက်သား တစ်တုံးချင်းစီယူပြီး ဂျုံမှုန့်နဲ့နယ်ပါ။ ခလောက်ထားတဲ့ကြက်ဥပန်းကန်ထဲ ထည့်စိမ်ပါ။ ဂျုံမှုန့်နဲ့ထပ်နယ်ပါ။ ပြီးရင်တော့ ဆီအိုးထဲထည့်ကြော်ပါ။ ကြက်သားကိုကြော်ပြီးရင်တော့ အရသာ ၂ မျိုးရအောင် စလုပ်ပါတော့မယ်။

ဒယ်အိုးထဲကို BBQ ဆော့စ် – ပန်းကန်လုံးတစ်ဝက်စာထည့်ပြီး မွှေပေးပါ။ နည်းနည်းပွက်လာတာနဲ့ ကြော်ထားတဲ့ကြက်သား တစ်ဝက်ကို ထည့်နယ်လိုက်ပါ။ သမအောင်သေချာမွှေကြော်၊ နယ်ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားလို့လည်းရသလို၊ ဒီတိုင်းစားလို့လည်း ရပါတယ်။ ဒါကတော့ BBQ ကြက်သားကြော်ပေါ့။

ကြက်ကြော်နောက်တစ်မျိုးအတွက် ဒယ်အိုးထဲကို ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပါ။ ထောပတ်က အတုံးတို့၊ အခဲတို့နဲ့လုပ်ရမှာပါ။

ထောပတ်အရည်ပျော်သွားရင် ဆော့စ်အစပ်ကို ပန်းကန်လုံးတစ်ဝက်စာ ထည့်မွှေပါ။ နည်းနည်းပွက်လာရင် ကြော်ထားတဲ့ကြက်ကြော် ကျန်တာတွေကို ထည့်ပြီး သမအောင်မွှေလိုက်ပါ။ ပြီးတာနဲ့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါကတော့ Spicy ကြက်ကြော်ပေါ့။

Source: www.tasty