ကြက်သားဆိုရင် တော်တော်များများ ကြော်စားလိုက်၊ ပြုတ်ကြော်လေးလုပ်လိုက်၊ အာလူးတို့ ဘူးသီးတို့နဲ့ချက်စားလိုက်နဲ့ ဒီလိုတွေပဲလုပ်စားကြတာများပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကြက်သားကို ထောပတ်နဲ့ ချိုချိုစိမ့်စိမ့်လေးဖြစ်အောင် ဘယ်လိုချက်ရမလဲဆိုတာလေးကို ပြောပြပေးလိုက်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဒီလိုထူးဆန်းတဲ့ ဟင်းလျာလေးတွေကို ချက်စားသင့်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ကြက်ရင်ဖုံသား – ၂ ပေါင်ကို အတုံးသေးလေးတွေတုံးပြီး ပန်းကန်လုံးအကြီးထဲထည့်ပါ။ ပြီးရင်တော့ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကို ထည့်ပြီး လက်နဲ့နယ်ပေးပါ။

ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဒယ်အိုးထဲကို ထောပတ် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး နယ်ထားတဲ့ကြက်သားတွေထည့်ကြော်ပါ။ ပြီးတာနဲ့ ကြက်သားတွေကိုခူးထုတ်ပြီး ထောပတ် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။

ထောပတ်အရည်ပျော်သွားတာနဲ့ အတုံးသေးသေးလေးတွေလှီးထားတဲ့ ကြက်သွန်နီ – တစ်ခွက်ခွဲစာကိုထည့်ပါ။ မဆလာ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကေရန်းငရုပ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နုတ်နုတ်ဆင်းထားတဲ့ ဂျင်း – စားပွဲတင်ဇွန်း ၁ ဇွန်း၊ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – ၃ တက်၊ ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်တို့ကို ထည့်မွှေပါ။

နောက်တစ်ဆင့်အနေနဲ့ ခရမ်းချဉ်သီးဆော့စ် – ၁၄ အောင်စထည့်ပြီး ရေ – ခွက်တစ်ခွက်စာထည့်ပါ။ Heavy Cream – ခွက်တစ်ခွက်စာကိုထည့်မွှေပြီး ခုနကကြော်ထားတဲ့ကြက်သားတွေ ထည့်မွှေကာ ၁၅ မိနစ်လောက် အဖုံးပိတ်တည်ထားလိုက်ပါ။ အချိန် ၁၅ မိနစ်ပြည့်ရင်တော့ ထောပတ် – စားပွဲတင်ဇွန်း ၂ ဇွန်းစာကို ထည့်မွှေပါ။

နောက်ဆုံးမှာတော့ ထမင်းနဲ့တွဲဖက်ပြီးစားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ချိုချိုစိမ့်စိမ့်လေးဖြစ်နေတဲ့ ကြက်သားထောပတ်ဟင်းကို ရရှိသွားပါပြီ။

Photo Source: www.tasty.com