အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချိစ်အရသာပါဝင်ပြီး ဝက်ပေါင်ခြောက်လေးပါထည့်ညှပ်ထားတဲ့ ကြက်သားလိပ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးနွှင်ထားပြီး အရေခွံမပါသည့် ကြက်ရင်အုံသား ၃ တုံး
  • ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးထားပါ)
  • အချောင်းလိုက် လှီးဖြတ်ထားသော ချိစ် ဖန်ခွက် တစ်ဝက်ခန့်
  • ကြက်သွန်ဖြူမှုန့်

  • ကြော်ထားသော ဝက်ပေါင်ခြောက် ၆ ပြား
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းအနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်ရင်အုံသားကို အလျားလိုက် ထက်ခြမ်း လှီးဖြတ်လိုက်ပါ။ ဒါဆိုရင် ကြက်သားလွှာ ၆ ခုရရှိသွားပါလိမ့်မယ်။ လှီးဖြတ်ထားသော ကြက်သားတစ်လွှာချင်းစီကို ပလပ်စတစ်အိတ်ထဲထည့်ပြီး အသားတုံးထုသည့် အလေးတုံးနဲ့ ပါးလွှာသွားသည်အထိ ထုပေးပါ။ ပြီးရင် ဆား၊ ငရုတ်ကောင်းနဲ့ ကြက်သွန်နီမှုန့်များကို အလွှာနှစ်ဖက်စလုံးကို ဖြူးပေးလိုက်ပါ။

ဆီတစ်ဝက်ခန့်ကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးထားသည့် ဒယ်အိုးထဲထည့်ပြီး အပူပေးလိုက်ပါ။ ပါးပါးလှီးထားသော ကြက်သွန်နီများကို ၅ မိနစ်ကနေ ၇ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

ထို့နောက် ကြက်သားတစ်လွှာချင်းစီရဲ့ အလယ်ဗဟိုတည့်တည့်မှာ ကြော်ထားသော ကြက်သွန်နီ၊ ဝက်ပေါင်ခြောက်နဲ့ ချိစ်လေးတွေကို ထည့်ပေးလိုက်ပါ။ ပြီးရင် ကြက်သားကို တင်းတင်းကြပ်ကြပ်ကလေး လိပ်ပေးလိုက်ပါ။

ကျန်တဲ့ ကြက်သားလွှာများကိုလည်း ထိုအတိုင်း လိပ်ပေးလိုက်ပါ။ ကြက်သားလိပ် ၆ လိပ် ရရှိသွားပါလိမ့်မယ်။

ဒယ်အိုးကို အပူပေးပြီး ကျန်တဲ့ ဆီတစ်ဝက်ထပ်ထည့်လိုက်ပါ။ ပြီးတဲ့အခါ ကြက်သားလိပ်များကို ရွှေညိုရောင်သမ်းလာတဲ့အထိ ကြော်ပေးလိုက်ပါ။ ပြီးရင် အဖုံးခဏအုပ်ထားပြီး ၅ မိနစ်ကနေ ၇ မိနစ်အထိ ကြော်ပေးလိုက်ပါ။

နောက်ဆုံး အရသာရှိတဲ့ ချိစ် ကြက်သားလိပ်ကြော်ကို ခရမ်းချဉ်သီးဆော့စ်လေးနဲ့ တွဲဖက်စားသုံးလို့ရပါပြီ။

Source: www.mydeliciousmeals.com