တစ်ခါတစ်လေကျရင် ထမင်းကို ဟင်းနဲ့မစားချင်လို့ဆိုပြီး ထမင်းကြော်စားချင်တာမျိုး ရှိကြမှာပါ။ ဒီလိုထမင်းကြော်စားတော့မယ်ဆိုရင် မိသားစုအားလုံး အရသာရှိရှိနဲ့ ပိုပြီးစားလို့ကောင်းအောင် တရုတ်စတိုင်လ်ထမင်းကြော်လေး ကြော်စားကြည့်ပါလို့ အကြံပေးပါတယ်။ ဒါဆိုရင် ကြက်ဥနဲ့ ဝက်သားကိုသုံးပြီး အရသာရှိတဲ့ တရုတ်စတိုင်လ်ထမင်းကြော်ကို ဘယ်လိုကြော်ရမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။ လုပ်ရမယ့်ပုံစံကလည်း အရမ်းလွယ်ပါတယ်နော်။

ပထမဆုံးအနေနဲ့ ကြက်ဥ – ၃လုံးကို ပန်းကန်ထဲဖောက်ထည့်၊ ဆား – အနည်းငယ်ထည့်ပြီး ခလောက်ပါမယ်။

ဝက်သားကိုတော့ ကိုယ်ကြိုက်တာသံုံးလို့ရပါတယ်။ အသားချည်းပဲထည့်ကြော်ချင်ရင် အသားကို ပန်းကန်လုံး တစ်လုံးစာလောက်ရအောင် သေးသေးလေးတွေလှီးထားပါ။ ဒီမှာတော့ ဝက်ဆားနယ်ခြောက်လို့ခေါ်တဲ့ Bacon ကို သုံးပေးထားပါတယ်။ Bacon ဆိုရင်လည်း ပန်းကန်လုံးတစ်လုံးစာလောက် ပါးပါးသေးသေးလေးတွေ လှီးထားပါ။

ကြက်သွန်နီအကြီး – ၁ လုံးကိုလည်း ပါးပါးသေးသေးလေးတွေ လှီးပါမယ်။ ကိုယ်သုံးမယ့် ကြက်သွန်နီကသေးတယ်ဆိုရင် ၄ လုံး (သို့) ၅ လုံးလောက်သံုံးပေးပါ။

ထည့်ရမယ့်အမယ်တွေကို အဆင်သင့်လုပ်ပြီးရင်တော့ ဒယ်ဆိုးထဲကို ဆီထည့်ပြီး တည်ထားလိုက်ပါ။ ပြီးတာနဲ့ ခလောက်ထားတဲ့ ကြက်ဥကိုထည့်ကြော်ပါ။ ကြော်တဲ့အခါမှာလည်း မွှေပစ်ရပါမယ်။ ကြော်ပြီးရင် ပန်းကန်ထဲခူးထုတ်ထားပါ။

ခုနက လှီးထားတဲ့ ဝက်သား (သို့) Bacon တွေကိုလည်း ဆီအိုးထဲထည့်ကြော်ပါမယ်။ ရပြီဆိုရင် ခူးထုတ်ထားလိုက်ပါ။

လှီးထားတဲ့ ကြက်သွန်တွေကို ဒယ်အိုးထဲထည့်ပြီးမွှေပါ။ ကြက်သွန်ကိုမွှေပြီးတာနဲ့ ထမင်းထည့်ပါ။ ထမင်းကို စားမယ့်လူအရေအတွက်ပေါ်မူတည်ပြီး ထည့်ကြော်ပါ။ ဒီမှာတော့ ပန်းကန်လုံး – ၅ လုံးစာထည့်ကြော်ပါတယ်။

ထမင်းထည့်မွှေပြီးရင်တော့ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၊ ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပြီး မွှေပါ။

ကြော်ထားတဲ့ ဝက်သား (သို့) Bacon နဲ့ ကြော်ထားတဲ့ ကြက်ဥကို ထည့်ပြီးမွှေပါ။ သေချာသမအောင်မွှေပြီး ကြော်ပေးပါ။

ခဏနေရင်တော့ ကိုယ့်စားမယ့်ပန်းကန်ထဲကို ထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ဝက်သား၊ ကြက်ဥတို့နဲ့ ကြော်ထားတဲ့ တရုတ်စတိုင်လ် ထမင်းကြော်ကို ရသွားပါပြီ။

Photo Source: www.tasty.com