ကြက်ဥလိပ်ကိုတော့ တော်တော်များများစားဖူးကြမှာပါ။ အစားအသောက်ချစ်သူတွေအတွက် ကြက်ဥလိပ်ထက် ပိုအရသာရှိပြီး စားချင်စဖွယ်လေးဖြစ်နေတဲ့ ကြက်ဥလိပ် Sandwich လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း မခက်ပဲ လွယ်ကူတဲ့အတွက် မဖြစ်မနေလုပ်စားကြည့်သင့်ပါတယ်နော်။

ကြက်ဥလိပ် Sandwich လုပ်ဖို့အတွက် ပန်းကန်လုံးထဲကို ကြက်ဥ တစ်လုံး ဖောက်ထည့်ပါ။ ဆား – အနည်းငယ်ထည့်ပြီး နွားနို့ – တစ်ခွက်ထည့်ပါ။ ပြီးရင်တော့ သေချာခလောက်ပါ။

ဂျုံမှုန့် – ခွက်အသေး လေးပုံ ပုံ သုံးပုံစာ ထည့်ပါ။ မုန့်ဖုတ်ပေါင်ဒါ (Baking Powder) – အနည်းငယ်ထည့်ပြီး ထပ်မွှေကာ ခလောက်ပေးပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ကြက်ဥ – ၂ လုံး ဖောက်ထည့်ပါ။ ဆား – အနည်းငယ်နဲ့ ကြက်သွန်နီ – ၂ လုံး (သို့) ၃ လုံး ကိုလှီးထည့်ပါ။ ခရမ်းချဉ်သီး – ၂ လုံးကိုလည်း သေးသေးလေးတွေ လှီးထည့်ပါ။ လှီးထားတဲ့ တရုတ်နံနံ နည်းနည်းနဲ့ ငရုပ်သီးစိမ်း – ၂ တောင့်ကို လှီးထည့်ပါ။ မဆလာ နည်းနည်းထည့်ပြီး ခလောက်ပါ၊ မွှေပါ။

ဆီမသုံးတဲ့အတွက် ဒယ်အိုးထဲကို ထောပတ် – စားပွဲတင်ဇွန်း တစ်ဇွန်းစာထည့်ပြီး ဒယ်အိုးမှာ သုတ်ပါ။ ပထမဆုံးလုပ်ထားတဲ့ ကြက်ဥနဲ့နွားနို့ကို ရောခလောက်ထားတာကို ဒယ်အိုးထဲ အကုန်လောင်းထည့်ပါ။ ခုနက ကြက်ဥ ၂ လုံးနဲ့ ခလောက်ထားတာတွေကို အပေါ်ကနေ နည်းနည်းချင်းစီထည့်ပါ။

ခဏနေရင် ဟိုဘက် ဒီဘက်လှန်ပေးပြီး အပေါ်ကနေ Mozzarella Cheese ကို နည်းနည်းဖြူးပေးပါ။ Cheese ပျော်သွားအောင် ၂ မိနစ်လောက် အဖုံးဖုံးထားလိုက်ပါ။

အချိန်ပြည့်လို့ရပြီဆိုရင်တော့ ခူးထုတ်ပြီး ဆီစုပ်စက္ကူပေါ်တင်ပါ။ ပြီးရင် လက်နဲ့ သေချာ ဖြည်းဖြည်းချင်းစီ လိပ်ပေးပါ။ ပူနေတဲ့အချိန်မှာပဲ လိပ်ပေးရမှာပါနော်။ လိပ်ပြီးရင် ဆီစုပ်စက္ကူကို မဖယ်သေးပဲ အဲ့အတိုင်း ၅ မိနစ်ထားပေးပါ။

၅ မိနစ်ပြည့်မှ ဆီစုပ်စက္ကူဖယ်ပြီး ဓားနဲ့ ထက်ဝက်လှီးချပြီး ပန်းကန်ထဲထည့်ကာ စားသုံးနိုင်ပါပြီ။ ဒီတိုင်းစားလို့လည်းရသလို ကော်ဖီလေးသောက်ရင်းနဲ့ စားလို့လည်းရပါတယ်။ ဒါ့အပြင် ကိုယ်ကြိုက်နှစ်သက်ရာ ဖျော်ရည်တွေနဲ့လည်း တွဲဖက်စားသုံးနိုင်သလို၊ အချဉ်နဲ့တို့ပြီးလည်း စားလို့ရပါသေးတယ်နော်။

Photo Source: www.toasted.com