အားလုံးပဲ မင်္ဂလာပါနော်။ ဒီတစ်ခါမှာတော့ ကြက်ဥပူတင်းကို မိမိအိမ်မှာပဲ ဘယ်လိုလုပ်စားလို့ရမလဲဆိုတဲ့ လွယ်ကူရိုးရှင်းသော နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပူတင်း စားရတာ ကြိုက်နှစ်သက်သူတွေရော အချိုပွဲ ပြုလုပ်ပြင်ဆင်ရတာကို နှစ်သက်သူတွေပါ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • သကြား စားပွဲတင်ဇွန်း ၉ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေနွေးပူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နွားနို့ ၂၅၀ မီလီလီတာ
  • ထောပတ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပူတင်းထည့်ရမယ့် ခွက်ကို ထောပတ်ဖြင့် သုတ်ထားလိုက်ပါ။ ဒီလိုသုတ်ပေးထားခြင်းအားဖြင့် ပူတင်းများ ခွက်နံရံမှာ ကပ်မနေစေဘဲ အပြင်ထုတ်ရတာ လွယ်ကူစေပါတယ်။

၂။ အိုးတစ်လုံးထဲတွင် ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၄ ဇွန်းတို့ထည့်ပြီး မီးသင်းသကြား ပြုလုပ်ပေးလိုက်ပါ။

၃။ ရေများ သကြားကြောင့် အညိုရောင်ပြောင်းသွားတဲ့အခါ ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်း လောင်းထည့်လိုက်ပါ။ မီးသင်းသကြားကို ဇွန်းနဲ့ မမွှေဘဲနဲ့ ဒယ်အိုးလက်ကိုင်ကိုသာ တစ်ချက် တစ်ချက် စောင်းပေးရပါမယ်။

၄။ ရရှိလာတဲ့ သကြားရည်များကို ပူတင်းပြုလုပ်မယ့် အပူခံခွက်များထဲသို့ အညီအမျှလောင်းထည့်လိုက်ပါ။

၅။ ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ကြက်ဥများကို ခပ်ပြင်းပြင်းလေးမွှေခလောက်လိုက်ပါ။

၆။ နွားနို့ ၂၅၀ မီလီလီတာနှင့် သကြား စားပွဲတင်ဇွန်း ၅ ဇွန်းတို့ကို စောစောက အိုးထဲသို့ လောင်းထည့်ပြီး (မီးဖို ဖွင့်စရာမလိုပါဘူး) သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၇။ ထို့နောက် ရရှိလာတဲ့ နွားနို့ကို ကြက်ဥပန်းကန်ထဲသို့ လောင်းထည့်လိုက်ပါ။ လက်တစ်ဖက်က နွားနို့ လောင်းထည့်နေစဉ်မှာ အခြားလက်တစ်ဖက်ဖြင့် ကြက်ဥကို မွှေခလောက်ပေးရပါမယ်။

၈။ ရရှိလာတဲ့ ကြက်ဥနွားနို့ရည်ကို ရေစစ်နဲ့ စစ်ယူလိုက်ပါ။ (မွှေခလောက်ထားတဲ့ အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ ဗူစီပေါင်းများကို ဖယ်ရှားချင်လို့ပဲဖြစ်ပါတယ်)

၉။ ထို့နောက် ကြက်ဥနွားနို့များကို စောစောက သကြားထည့်ထားသော ခွက်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ပူတင်းခွက်ကို ခဲဖတ်ဖြင့် အုပ်ထားရပါမယ်။

၁၀။ နောက်တစ်ဆင့်အနေနဲ့ ကြက်ဥပူတင်းရအောင် ပေါင်းရပါမယ်။ ဒယ်အိုးထဲ ရေထည့်ပြီး တဘက်တစ်ထည်ပါထည့်လိုက်ပါ။ ထို့နောက် မီးအပူပေးလိုက်ပြီးနောက် ပူတင်းခွက်များပါ ထည့်ထားလိုက်ပါ။

၁၁။ အိုးအဖုံး ပိတ်ထားပြီး ၁၈ မိနစ်မှ မိနစ် ၂၀ အထိ မီးအေးအေးဖြင့် ပေါင်းလိုက်ပါ။ ရေနွေးကို ဆူပွက်လာသည်အထိ တည်ထားဖို့ မလိုပါဘူး။


အချိန်ပြည့်တဲ့အခါမှာတော့ ပူတင်းခွက်လေးများကို ဒယ်အိုးထဲက ထုတ်ပြီး အအေးခံလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥပူတင်းလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

မိမိစားသုံးခါနီးကျမှ ပန်းကန်ပြားလေးထဲ ပြောင်းထည့်ပြီး အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Cookingwithdog.com