ကြက်ဥကို မုန့်နှစ်နဲ့ကြော်မယ်ဆိုတော့ ဘယ်လိုကြော်ရမလဲဆိုတာကို စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ လုပ်ရတာကတော့ အရမ်းကိုလွယ်ကူပါတယ်။ သရေစာမုန့်တစ်ခုခုစားမယ်ဆိုရင် လူကြီးပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ် အာဟာရရှိတာမျိုးကို စားသင့်ပါတယ်။ ဒါကြောင့် အာဟာရရှိတဲ့ သရေစာမုန့်အဖြစ် ကြက်ဥကိုမုန့်နှစ်နဲ့ ဘယ်လိုကြော်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

ကြက်ဥ – ၈ လုံးကို ပန်းကန်ထဲဖောက်ထည့်ပြီး ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး ခလောက်ပါ။

ဒယ်အိုး Pan လို အဝိုင်းမျိုးကို ဆီသုတ်ပြီး ခလောက်ထားတဲ့ ကြက်ဥတွေအကုန်ထည့်ပါမယ်။

နောက်ထပ်ဒယ်အိုးထဲကို ရေနည်းနည်းထည့်ပြီး မီးဖိုပေါ်တင်ပါ။ နောက်ဒယ်အိုးထည့်မှာမို့ အောက်ခံဖို့ အခံတစ်ခုကိုလည်း ထည့်ပေးရပါမယ်။

ခုနက ကြက်ဥထည့်ထားတဲ့ ဒယ်အိုး Pan ကို အဲ့ဒီအောက်ခံပြားပေါ်တင်ပေးရမှာပါ။ ပြီးရင်တော့ အဖုံးဖုံးထားပြီး ၂၅ မိနစ်တည်ထားပါ။

ရပြီဆိုရင် ဘေးဘက်တွေကို ဓားနဲ့လိုက်ထိုးပြီး ပန်းကန်ပြားအကြီးထဲကို မှောက်ထည့်လိုက်ပါ။ ဒါမှ ပုံမပျက်ပဲ ရမှာပါ။

ကြက်ဥကို အချောင်းသေးလေးတွေရအောင် လှီးပေးပါ။

ပန်းကန်တစ်ခုထဲကို ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်၊ ဆား – အနည်းငယ်နဲ့ ငရုပ်သီးမှုန့် – အနည်းငယ်ထည့်ပြီး နယ်လိုက်ပါ။

နောက်ထပ်ပန်းကန်ထဲကို Bread Crumbs ထည့်ပါ။ နောက်ထပ်ပန်းကန်ထဲကို ကြက်ဥ ၂ လုံးထည့်ပြီး ခလောက်ပါ။

အချောင်းလေးတွေဖြစ်အောင်လှီးထားတဲ့ ကြက်ဥတွေကို တစ်ခုချင်းစီယူပြီး နယ်ထားတဲ့ ဂျုံမှုန့်ပန်းကန်ထဲ ထည့်နယ်ပါ။ ပြီးရင် ကြက်ဥ ပန်းကန်ထဲထည့်နယ်ပါ။ ပြီးရင် Bread Crumbs ပန်းကန်ထဲထည့်နယ်ပါ။ အားလုံးပြီးရင် ဆီအိုးထဲထည့်ကြော်ပါ။

ကြော်ပြီးရင် ပန်းကန်ထဲခူးထုတ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ အချဉ်နဲ့ တို့စားနိုင်ပါပြီ။

Photo Source: www.tastyrecipehut.com