ဒီတစ်ခါမှာတော့ အာဟာရရှိပြီး စားလို့လည်းကောင်းတဲ့အပြင် လူကြီးလူငယ်မရွေး စားသုံးနိုင်တဲ့ လွယ်လွယ်ကူကူ ကြက်ဥပေါင်းပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ကြက်ဥပေါင်းဆိုပေမယ့် အလုံးလိုက်ပေါင်းတာမျိုးမဟုတ်ပဲ ကြက်ဥကို အသီးအရွက်တွေနဲ့ ခလောက်ပြီး လုပ်ထားတာမို့ ပိုပြီးစားကောင်းပါတယ်။

ကြက်ဥပေါင်းလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ မုန်လာဥနီ – ၁ လုံး၊ ကြက်သွန်နီ – ၁ လုံး၊ ခရမ်းချဉ်သီး – ၁ လုံး၊ ငရုပ်သီးစိမ်း – ၃ တောင့်၊ နံနံပင် – အနည်းငယ်နဲ့ ကြက်ဥ – ၄ လုံးပါ။

မုန်လာဥနီ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းနဲ့ နံနံပင် တို့ကို သေးသေးလေးတွေ လှီးထားလိုက်ပါ။

ပန်းကန်လုံးထဲကို ကြက်ဥ – ၄ လုံးဖောက်ထည့်ပြီး ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး မွှေပါ။ ခုနကလှီးထားတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကိုပါ ထည့်ပြီးမွှေလိုက်ပါ။

သေချာမွှေပြီးရင်တော့ ပုံစံခွက်လေးထဲကို ဆီနည်းနည်းသုတ်ပြီး မွှေထားတာတွေ ထည့်ပါမယ်။

ထည့်ပြီးရင် အိုးထဲကို ရေနည်းနည်းထည့်၊ ပုံစံခွက်လေးထည့်ပြီး အဖုံးအုပ်ကာ ၁၅ မိနစ် ထည့်ပေါင်းထားပါ။

အချိန်ပြည့်လို့ရပြီဆိုရင်တော့ ထုတ်ပြီး စားသုံးနိုင်ပါပြီ။ အရသာက အချိုမပါပဲ စိမ့်စိမ့်လေးဖြစ်တဲ့အပြင် အချဉ်လေးနဲ့တို့စားရင်လည်း အရမ်းအရသာရှိပြီး စားကောင်းတာကြောင့် လုပ်စားကြည့်ပါလို့ ပြောချင်ပါတယ်။

Source: www.toasted