အားလုံးပဲ မင်္ဂလာပါ။ မနက်ခင်းအချိန်အခါလေးမှာ အရသာရှိတဲ့ မနက်စာ သုံးဆောင်ချင်သူများအတွက် ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ ကြက်ဥထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း နှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်ဥ ၁ လုံး
  • ပဲလုံးစိမ်း ၄ အောင်စ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်ပါ။ ဆီပူလာပါက ထမင်း တစ်ဝက်ခန့်ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

ကျန်ရှိသော ထမင်းတစ်ဝက်ကို ဆီ စားပွဲတင်ဇွန်း တစ်ဝက်ဖြင့် စောစောကနည်းအတိုင်း ကြော်ပေးလိုက်ပါ။

၂။ ထို့နောက် ဒယ်အိုးထဲသို့ ထမင်းကြော်များအားလုံး ပေါင်းထည့်လိုက်ပါ။ ဆီ စားပွဲတင်ဇွန်း တစ်ဝက် ထပ်ထည့်ပါ။ ကြက်သွန်နီ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူတို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

ထို့နောက် ပဲငံပြာရည်နှင့် နှမ်းဆီထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ထမင်းများကို ဒယ်အိုးတစ်ဖက်ခြမ်းသို့ တွန်းပို့လိုက်ပါ။ လွတ်နေသော နေရာထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ ကြက်ဥ ၁ လုံး ဖောက်ထည့်လိုက်ပါ။ ဆားအနည်းငယ် ထည့်ကာ ကြက်ဥကို မွှေကြော်ပေးလိုက်ပါ။ ပြီးမှ ထမင်းနဲ့ ကြက်ဥများကို သမအောင် ကြော်ရပါမယ်။

၄။ ထို့နောက် ပဲလုံးစိမ်းများထည့်ကာ နှံ့စပ်အောင် ကြော်ပြီးနောက် အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားပါက အရသာရှိတဲ့ ကြက်ဥထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Seriouseats.com