အားလုံးပဲ မင်္ဂလာပါ။ ရေခဲချောင်းချစ်သူများအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာ သစ်သီး ၃ မျိုး၊ ၄ မျိုးခန့် ရှိရုံနဲ့ အရသာရှိတဲ့ သီးစုံရေခဲချောင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Theslowroasteditalian.com

  • ငှက်ပျောသီး အလုံးကြီး ၁ လုံး
  • စတော်ဘယ်ရီသီး အလုံးကြီး ၄ လုံးခန့်
  • ပန်းသီးဖျော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း (မိမိကြိုက်နှစ်သက်ရာ အခြားဖျော်ရည်များလည်း အသုံးပြုနိုင်ပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးကို အခွံခွာပြီးနောက် ခပ်ပါးပါးလှီးဖြတ်ထားပါ။

စတော်ဘယ်ရီသီးကိုလည်း သန့်စင်အောင် ရေဆေးပြီးနောက် ဖတ်ရွက်စိမ်းလေးကို ဖယ်ရှားကာ ပါးပါးလှီးထားပါ။

Source: Onionringsandthings.com

ရယ်ဒီမိတ်ပန်းသီးဖျော်ရည် မရှိပါက ပန်းသီးကို အနေတော်အတုံး လှီးဖြတ်ပြီးနောက် ဖျော်စက်ထဲတွင် သကြားအနည်းငယ် (သို့) ပျားရည်အနည်းငယ်၊ ရေအနည်းငယ် ရောထည့်ကာ ဖျော်နိုင်ပါတယ်။

၂။ ထို့နောက် ရေခဲချောင်းပြုလုပ်သည့် ပုံစံခွက်ငယ်ထဲသို့ ပါးပါးလှီးထားသော သစ်သီးများကို အစီအရီထည့်ထားလိုက်ပါ။ (ပန်းသီးဖျော်ရည် ထည့်ရဦးမှာဖြစ်တဲ့အတွက်ကြောင့် သစ်သီးများကို ခွက်အပြည့် မထည့်လိုက်ပါနဲ့။)

၃။ နောက်တစ်ဆင့်ကတော့ ပန်းသီးဖျော်ရည်များကို ခွက်ငယ်ထဲသို့ လောင်းထည့်ရပါမယ်။

ထို့နောက် ရေခဲချောင်း တုတ်ချောင်းကို အလယ်တည့်တည့်နေရာမှာ ထိုးစိုက်ပေးလိုက်ပါ။ ပြီးရင်တော့ ထိုပုံစံခွက်ငယ်ကို ရေခဲသေတ္တာအအေးခံထဲ ထည့်ထားကာ အနည်းဆုံး ၆ နာရီမှ တစ်ညတာ ကြာသည်အထိ ထည့်ကာ အေးခဲနေအောင် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ သီးစုံ ရေခဲချောင်းလေး ရရှိသွားပါပြီ။

စာဖတ်သူတို့အနေနဲ့ ငှက်ပျောသီးနဲ့ စတော်ဘယ်ရီသီးအပြင် မိမိကြိုက်နှစ်သက်ရာ အခြားသစ်သီးများလည်း ထပ်ထည့်နိုင်ပါသေးတယ်။

Source: Tastesbetterfromscratch.com