အားလုံးပဲ မင်္ဂလာပါ။ ကြက်သား အာလူးဟင်းဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့ ဟင်းပွဲတစ်မျိုးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မြန်မာချက်မဟုတ်ဘဲ ထိုင်းချက် ကြက်သား အာလူးဟင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၈ တုံးခန့်
  • အုန်းနို့ ၆၀ မီလီလီတာ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ကြက်သွန်နီ တစ်ဥ (ပါးပါးလှီးထားပါ)
  • လက်မအရွယ်အစားခန့် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီး ၄ တောင့် (ပါးပါးလှီးထားပါ)
  • ဝိုင်ဖြူ ၂၅၀ မီလီလီတာ
  • ကြက်ပြုတ်ရည် ၃၇၅ မီလီလီတာခန့်
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

  • အာလူး ၂ လုံး (အခွံခွာပြီး အနေတော် အတုံးတုံးထားပါ)
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံသုံးပုံ
  • သစ်ကြမ်းပိုးခေါက် တစ်ချောင်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို မီးအပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်လိုက်ပါ။

၂။ ဝိုင်ဖြူထည့်လိုက်ပါ။ ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ပြီးနောက် ကြက်ပြုတ်ရည်၊ ငါးငံပြာရည်၊ နနွင်းမှုန့်တို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၃။ ထို့နောက် ကြက်သားတုံးများ ထည့်လိုက်ပါ။ ဟင်းရည်က ပွက်ပွက်ဆူလာပါက မီးအပူချိန်ကို အလယ်အလတ်အပူချိန်သို့ လျော့လိုက်ပါ။ ပြီးရင် ၁၀ မိနစ်ခန့် ဆူအောင် တည်ထားလိုက်ပါ။

၄။ ထို့နောက် အာလူးတုံးများ ထည့်ပြီး အိုးအဖုံးကို လေးပုံသုံးပုံခန့် အဖုံး ဖုံးထားပြီး တည်ထားလိုက်ပါ။ ကြက်သားနဲ့ အာလူးများ နူးအိသွားဖို့ရန်အတွက် မိနစ်နှစ်ဆယ်ခန့် တည်ထားရပါမယ်။

၅။ မိနစ်နှစ်ဆယ်ပြည့်ပါက မီးအပူချိန်ကို လျော့လိုက်ပါ။ အုန်းနို့ထည့်ပါ။ သစ်ကြမ်းပိုးခေါက်ထည့်ပြီး ဟင်းအိုးကို မွှေပေးလိုက်ပါ။ ပြီးမှ အရသာကို အပေါ့အငန်မြည်းကြည့်ပေးလိုက်ပါ။ ဟင်းအိုးက ပေါ့နေပါက ငါးငံပြာရည် အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ တကယ်လို့ ဟင်းအိုးက ငန်နေတယ်ဆိုပါက အုန်းနို့လေး ထပ်ထည့်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ အနံ့ အရသာအားလုံး ပြီးပြည့်စုံတဲ့ ကြက်သား အာလူးအစပ်ချက်ဟင်းလေး ရရှိသွားပါပြီ။ ထမင်းနဲ့ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com