အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ ကိုရီးယားဟင်းလျာတစ်မျိုးဖြစ်တဲ့ အမဲသားနုပ်နုပ်စင်း ထမင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်ခန့်
  • ကြက်သွန်ဖြူ ၅ မြွှာ
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဇွန်းခန့်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်
  • ပဲငံပြာရည် အနည်းငယ်

  • ထမင်း
  • သကြားညို စားပွဲတင်ဇွန်း တစ်ဇွန်းခန့်
  • ပါးပါးလှီးထားသော ငရုတ်သီး လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်သွန်မြိတ် ၆ ပင်
  • နှမ်းစေ့ စားပွဲတင်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို နုပ်နုပ်စင်းထားပါ။ ကြက်သွန်ဖြူကို ပြားနေအောင် ထုထောင်းထားပါ။ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားကာ ဆီပူလာအောင် စောင့်ပါ။ ဆီပူလာပါက အမဲသားထည့်ကာ ၅ မိနစ်မှ ၇ မိနစ်အထိ ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ၊ ဂျင်း၊ နှမ်းဆီတို့ကို အနံ့မွှေးလာသည်အထိ နှစ်မိနစ်ခန့် ထည့်မွှေပေးလိုက်ပါ။ ပဲငံပြာရည်၊ သကြားညိုနှင့် ငရုတ်သီးတို့ ထည့်ကြော်ပေးလိုက်ပါ။ ပဲငံပြာရည်များ အမဲသားထဲသို့ စိမ့်ဝင်သွားဖို့အတွက်ဆိုရင် ၇ မိနစ်ခန့် အဆက်မပြတ်မွှေကြော်ပေးဖို့ လိုပါမယ်။ ၇ မိနစ် ပြည့်မှ ကြက်သွန်မြိတ် တစ်ဝက်ခန့် ထည့်လိုက်ပါ။

၄။ ထို့နောက် အမဲသားများကို မီးဖိုပေါ်က ချပြီး ထမင်းပေါ်တွင် ဆမ်းလိုက်ပါ။ တစ်ဖန် အမဲသားပေါ်တွင် နှမ်းစေ့နှင့် ကျန်ရှိနေသော ကြက်သွန်မြိတ်များ ဖြူးကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

ဒီဟင်းလျာထဲမှာတော့ ၅၇၄ ကယ်လိုရီနှင့် အဆီဓာတ် ၁၉.၁ ဂရမ်တို့သာ ပါဝင်ပြီး ပရိုတင်းဓာတ်ကတော့ ၂၈.၈ ဂရမ်၊ ကာဘိုဟိုက်ဒြိုက်ဓာတ် ၇၀.၃ ဂရမ်တို့ ပါဝင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဟင်းသီးဟင်းရွက်ထဲက ဗီတာမင်နဲ့ အာဟာရဓာတ်များကို ထပ်မံရယူလိုပါက မိမိနှစ်သစ်ရာ ဟင်းရွက်နှစ်မျိုး၊ သုံးမျိုးခန့်ကိုလည်း ထည့်ကြော်ပေးနိုင်ပါသေးတယ်။

Source: Allrecipes.com