ဆိုင်တွေမှာကြော်သလိုမျိုး ကြက်ချိုချဉ်ကြော်ကို အရသာရှိရှိလေးကြော်စားလို့ရမယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးချင်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းနဲ့ ကြော်နည်းကို ပြောပြပေးထားတာဖြစ်လို့ လုံးဝဟင်းမချက်တတ်ရင်တောင် အဆင်ပြေပါလိမ့်မယ်။

အရင်ဆုံး ဆော့စ်ပြုလုပ်ဖို့ ပန်းကန်လုံးထဲကို Ketchup ဆော့စ် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ သကြား – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရှာလကာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်မွှေလိုက်ပါ။

ပန်းကန်လုံးအကြီးထဲကို ကြက်သား အနေတော်အတုံးတွေတုံးပြီး ထည့်ပါ။ ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး သမအောင်နယ်ပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ဂျုံမှုန့် – ခွက်တစ်ခွက်စာထည့်ပြီး ရေ – တစ်ခွက်ထည့်မွှေပါ။

မွှေပြီးရင် ခုနကနယ်ထားတဲ့ ကြက်သားတွေကိုထည့်နယ်ပြီး တစ်တုံးချင်းစီယူကာ ဆီအိုးထဲ ထည့်ကြော်ပါ။ အရမ်းအကြွပ်ကြီးဖြစ်အောင် ကြော်စရာမလိုပါဘူး။ အရောင်ပြောင်းသွားရင် ရပါပြီ။ ကြော်ပြီးရင် ဆီစစ်ပြီး ထုတ်ထားလိုက်ပါ။

နောက်ထပ်ဒယ်အိုးထဲကို ဆီ – အနည်းငယ်ထည့်ပြီး ကြက်သွန်နီ၊ ပန်းငရုပ်ပွတို့ကို အတုံးလေးတွေတုံးကာ ထည့်ကြော်ပါမယ်။ ပန်းငရုပ်ပွကို အထဲကအစေ့တွေ ဖယ်ထုတ်ရပါမယ်နော်။

နည်းနည်းနူးလောက်ပြီဆိုရင် ပထမဆုံးစပ်ထားတဲ့ ဆော့စ်တွေကို ထည့်မွှေပါမယ်။  ခဏနေရင် ကြော်ထားတဲ့ကြက်သားတွေကို ထည့်မွှေပါမယ်။

အရသာကိုမြည်းကြည့်ပြီး ကိုယ်အဆင်ပြေပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။

Source: www.easypeasypan