ပုစွန်တန်ပူရာကြော်ဆိုရင်တော့ တော်တော်များများလည်း ကြိုက်ကြမယ်လို့ထင်ပါတယ်။ အပြင်မှာဝယ်စားရင် ငါးကောင်လောက်ပါတာကို သုံးထောင်လောက်ပေးနေရတာပါ။ အိမ်မှာလုပ်စားမယ်ဆိုရင် ပုစွန်ကိုဝယ်ပြီး ကိုယ်ကြိုက်သလောက် လုပ်စားလို့ရတာပေါ့။ ဒါကြောင့် ပုစွန်တန်ပူရာကြော်ကို အိမ်မှာအလွယ်တကူလုပ်စားလို့ရမယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ပုဇွန်ကိုအခွံတွေခွာပြီး ဓားနဲ့မွှန်းကာ အလယ်က အမဲရောင်အချောင်းကို ထုတ်ပေးပါ။

ပန်းကန်ပြားထဲကို တန်ပူရာလုပ်တဲ့ဂျုံမှုန့် – ခွက်တစ်ခွက်စာထည့်ပြီး ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်း – အနည်းငယ်ထည့်ကာ နယ်ပေးပါ။

နောက်ထပ် ပန်းကန်လုံးအကြီးထဲကိုတော့ ကြက်ဥ – တစ်လုံးနဲ့ ရေခဲရေ – ခွက်တစ်ခွက်စာထည့်ပြီး မွှေပေးပါ။ ပြီးတာနဲ့ ခုနကနယ်ထားတဲ့ တန်ပူရာလုပ်တဲ့ဂျုံမှုန့်တွေကို ထည့်ပြီး မွှေပေးပါ။

ပန်းကန်ပြားထဲကို ဂျုံမှုန့်ထည့်ပြီး ကိုင်ထားပြီးသားပုစွန်ကိုထည့်ကာ နယ်ပေးပါ။ ပြီးရင်တော့ ခုနကလုပ်ထားတဲ့ ပန်းကန်လုံးထဲကိုထည့်စိမ်ပေးပါ။ ပြီးရင် ဆီအိုးထဲထည့်ပြီး ၃ မိနစ်လောက်ကြော်ပေးပါ။

ဆီအိုးထဲကထုတ်တာနဲ့ ပန်းကန်ထဲထည့်ပြီး ကိုယ်ကြိုက်နှစ်သက်ရာအချဉ်နဲ့ တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ အိမ်မှာအလွယ်တကူပြုလုပ်ထားတဲ့ ပုစွန်တန်ပူရာကြော်ကို ရရှိသွားပါပြီ။

Photo Source: www.yummyph.com