အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားဟင်းလျာများကို စားသုံးတဲ့အခါ မပါမဖြစ်ကတော့ ကင်ချီပါပဲ။ ကိုရီးယားကင်ချီကို ကိုရီးယားဟင်းလျာများနဲ့ တွဲဖက်စားသုံးလို့လည်း ရသလို၊ ထမင်းစားတဲ့ အခါမှာလည်း ဟင်းရွက်အချဉ်အနေနဲ့လည်း စားသုံးလို့ရပါတယ်။ သူ့ရဲ့ ချဉ်စပ်စပ်အရသာလေးက တစ်ခါမြည်းကြည့်လိုက်တဲ့အခါ နောက်တစ်ခါ ထပ်စားချင်စိတ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

အရသာထူးကဲကောင်းမွန်လှတဲ့ ကိုရီးယားကင်းမွန်ကင်ချီကို မိမိအိမ်မှာပဲ အလွယ်တကူဘယ်လိုပြုလုပ်နိုင်သလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကိုရီးယားဂေါ်ဖီထုပ် ၁၀ ပေါင်၊ ဆား၊ ဆန်မှုန့်၊ သကြား၊ ရေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ပဲငံပြာရည်၊ ကင်းမွန်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ မုန်လာဥဖြူ။

ပြုလုပ်နည်းအဆင့်ဆင့်

ကိုရီးယားဂေါ်ဖီထုပ်ကို လေးပိုင်းခြမ်းလိုက်ပြီး အူတိုင်ဖယ်လိုက်ပါ။ ထို့နောက် အတုံးသေးသေးလေးများတုံးလိုက်ပါ။

အတုံးသေးသေးလေးတုံးပြီးတဲ့အခါ ရေအေးထဲမှာ စိမ်ထားပြီး ဆားအနည်းငယ်ဖြူးပေးပါ။

မိနစ် သုံးဆယ်ခြားတစ်ခါစီ ဆားသုံးခါဖြူးပေးရပါမယ်။ ဆားဖြူးတဲ့အခါတိုင်း ဂေါ်ဖီကို အပေါ်အောက်၊ ဘေးဘက် လှန်ပေးပါ။ ဒါမှ ဆားက နေရာအနှံ့ပျံ့နှံ့သွားမှာပါ။

သုံးခါတိတိဆားဖြူးပြီးနောက်မှာ ဂေါ်ဖီကို ရေအေးနဲ့ သုံးကြိမ်ဆေးပေးပါ။

ရေများကို စစ်ထုတ်ပြီး ဇလုံကြီးကြီးထဲ ထည့်ထားပါ။

ဆန်မှုန့် ခွက် တစ်ဝက်ခန့်ကို ရေသုံးခွက်နဲ့ ရောပြီး ဆူအောင်တည်ပါ။ ဆန်မှုန့်ရေများ ပွက်ပွက်ဆူလာသည်အထိ (၅ မိနစ်ခန့်) ဇွန်းနဲ့အဆက်မပြတ်မွှေပေးပါ။ သကြား အနည်းငယ်ထပ်ထည့်ပြီး မိနစ်အနည်းငယ်ထိ ဆက်မွှေပေးပါ။ ပြီးရင် မီးဖိုပေါ်မှ ချကာ အအေးခံလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ကင်ချီအနှစ်ပြုလုပ်ရပါမယ်။ အအေးခံထားတဲ့ ဆန်မှုန့်ရေများကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပါ။ ပြီးတဲ့အခါ ပဲငံပြာရည် ပန်းကန်လုံး အသေးတစ်လုံးစာ၊ ငရုတ်သီးမှုန့် ပန်းကန်လုံး ၂ ခွက်ခွဲစာ၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ ပန်းကန်လုံးတစ်ခွက်စာ၊ ပါးပါးလှီးထားတဲ့ ချင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သို့) နှစ်ဇွန်းခန့်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ပန်းကန်လုံးတစ်လုံးစာတို့ကို ဆန်မှုန့်ရေထည့်ထားတဲ့ ပန်းကန်လုံးအကြီးထဲ ရောထည့်လိုက်ပါ။ ပြီးရင် သမအောင် ရောမွှေလိုက်ပါ။ စားစရာများကို တုံးတစ်ရောနှောသည့်စက် (Food Processor) အသုံးပြုပါက ပိုလွယ်ကူပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ကင်းမွန်ကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ကင်ချီအနှစ်များနဲ့ ရောမွှေလိုက်ပါ။

ကြက်သွန်မြိတ်များကို ဒေါင်လိုက်လှီးဖြတ်လိုက်ပါ။ ကိုရီးယားမုန်လာဥဖြူ၊ မုန်လာဥနီများကို ခပ်ပါးပါးလှီးကာ ကင်ချီအနှစ်များနဲ့ ရောနယ်လိုက်မယ်ဆိုရင် အရသာကောင်းမွန်တဲ့ ကင်ချီအနှစ်လေးရရှိသွားမှာပါ။

နောက်ဆုံးအဆင့်အနေနဲ့ ကင်ချီအနှစ်များကို ဇလုံထဲထည့်ထားတဲ့ ဂေါ်ဖီအတုံးများနဲ့ ရောနယ်လိုက်ပါ။

ပြီးတဲ့အခါ လေလုံတဲ့ ဗူးထဲထည့်သိမ်းထားပြီး လတ်လတ်ဆတ်ဆတ်နှမ်းဖြူးပြီး စားသုံးနိုင်သလို၊ အချဉ်ဖောက်လာတဲ့အထိ ထားပြီးမှလည်း စားသုံးနိုင်ပါတယ်။

Source: www.maangchi.com