အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခေါက်မှာတော့ အသား ငါး၊ ဟင်းသီးဟင်းရွက်များ ကြော်လှော်ချက်ပြုတ်နည်းတွေကို မဝေမျှဘဲ အချိုပွဲပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပင်ပင်ပန်းပန်းပြင်ဆင်စရာမလိုဘဲ မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရမယ့် စတော်ဘယ်ရီ ကျောက်ကျောပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကျောက်ကျောပြုလုပ်ဖို့အတွက် လိုအပ်မယ့် အမှုန့် ၃ ထုပ်

  • နွားနို့ ဖန်ခွက် ၂ ခွက်နဲ့ တစ်ဝက်ခန့်
  • ခရင်မ် ဖန်ခွက် တစ်ဝက်
  • သကြား ဖန်ခွက် သုံးပုံတစ်ပုံခန့်
  • စတော်ဘယ်ရီမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • စတော်ဘယ်ရီသီး ဖန်ခွက် ၂ ခွက်စာ
  • ရေ ဖန်ခွက် တစ်ဝက်ခန့်
  • သကြား ဖန်ခွက် လေးပုံတစ်ပုံခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ကျောက်ကျောရဲ့ အောက်ဆုံးအလွှာပြုလုပ်ဖို့ရန်အတွက် ကျောက်ကျောမှုန့်များကို ခရင်မ်နဲ့ ရောလိုက်ပါ။ နွားနို့ ဖန်ခွက် တစ်ခွက်ခန့်ကို အပူပေးပြီးနောက် ကျောက်ကျောမှုန့်များထဲ ထည့်လိုက်ပါ။ ထို့နောက် သကြား ပန်ကန်လုံး သုံးပုံတစ်ပုံခန့်ထည့်ပြီး အမှုန့်များ ပျော်ဝင်သွားတဲ့အထိ မွှေပေးလိုက်ပါ။

ထို့နောက် ထိုပျော်ရည်ကို ဇောက်နက်တဲ့ ဖန်ပြားထဲသို့ထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီခန့်ထည့်ထားပါ။

ကျောက်ကျောရဲ့ ဒုတိယအလွှာအတွက် နွားနို့ဖန်ခွက် တစ်ဝက်ခန့်ကို ကျောက်ကျောမှုန့်တစ်ထုပ်နဲ့ ရောပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် နွားနို့ ဖန်ခွက် တစ်ခွက်ခန့်ကို အပူပေးပြီးနောက် စောစောက ဖျော်ထားတဲ့ ကျောက်ကျော နွားနို့ရည်ထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် စတော်ဘယ်ရီမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ပြီး အမှုန့်များ ပျော်ဝင်သွားတဲ့ အထိ မွှေခလောက်ပေးလိုက်ပါ။ ပြီးရင်တော့ အခန်းအပူချိန်နဲ့ပဲ အအေးခံလိုက်ပါ။

အေးသွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ကျောက်ကျောအောက်ခြေအလွှာပေါ်လောင်းချလိုက်ပြီး ရေခဲသေတ္တာထဲမှာ ၁ နာရီခန့် ပြန်လည်အအေးခံထားလိုက်ပါ။

ထို့နောက် သစ်သီးဖျော်စက်ထဲမှာ စတော်ဘယ်ရီသီးထည့်ပြီး၊ သကြား လေးပုံတစ်ပုံနှင့် ရေ ဖန်ခွက်ဝက်ခန့်ထည့်ပြီး မွှေပေးလိုက်ပါ။ (ကျောက်ကျောပြုလုပ်ပြီးစီးပါက အလှဆင်ရန်အတွက် စတော်ဘယ်ရီသီးအနည်းငယ်ချန်ထားပေးပါ) သေချာမွှေပေးပြီးတဲ့အခါမှာတော့ ဖန်ခွက်တစ်ခွက်စာခန့်ကို ဖျော်စက်ထဲချန်ထားခဲ့ပြီး ကျန်တာကိုတော့ ပန်းကန်လုံးလေးထဲထည့်လိုက်ပါ။ ဖျော်စက်ထဲချန်ထားတဲ့ စတော်ဘယ်ရီဖျော်ရည် တစ်ခွက်ခန့်ကို လက်ကိုင်ဒယ်အိုးထဲထည့်ပြီး အပူပေးလိုက်ပါ။ ပန်းကန်လုံးလေးထဲ ထည့်ထားတဲ့ စတော်ဘယ်ရီဖျော်ရည်ထဲကိုတော့ ကျောက်ကျောမှုန့် တစ်ထုတ်လောင်းထည့်ပြီး မွှေလိုက်ပါ။ ထို့နောက် အပူပေးထားသော စတော်ဘယ်ရီများကို ပန်းကန်လုံးထဲထည့်ပြီး ထပ်မံ မွှေခလောက်ပေးလိုက်ပါ။

ထို့နောက် ရေခဲသေတ္တာထဲထည့်ထားသော ဖန်ပြားထဲသို့ တတိယမြောက်အလွှာကို ထပ်မံလောင်းထည့်ပေးလိုက်ပါ။ ရေခဲသေတ္တာထဲမှာ တစ်နာရီ မိနစ် ၃၀ ခန့် အအေးခံထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ ရေခဲသေတ္တာထဲကထုတ်ပြီး စတော်ဘယ်ရီသီးများကို အလုံးလိုက်ဖြစ်စေ၊ ခပ်ပါးပါးလေးလှီးဖြတ်ပြီးတော့ပဲဖြစ်စေ ကျောက်ကျောပေါ်တင်ပြီး အလှဆင်နိုင်ပါတယ်။

ဒါဆိုရင်တော့ လေးထောင့်တုံးလေးပဲဖြစ်ဖြစ်၊ တြိဂံပုံလေးပဲဖြစ်ဖြစ် မိမိစိတ်ကြိုက်ပုံဖော်လှီးဖြတ်ပြီး ပန်းကန်ပြားလေးထဲထည့်ကာ သုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com