သစ်သီးအစုံသုပ် အချိုပွဲပြုလုပ်နည်းအကြောင်း မပြောပြခင်မှာ သစ်သီးများ ပုံမှန်စားသုံးပေးခြင်းကြောင့် ခံစားရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး အချို့ကို ဝေမျှပေးချင်ပါတယ်။

သစ်သီးများက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ပါဝင်မှုအများဆုံး အစားအစာတစ်ခုပဲဖြစ်ပါတယ်။ အမျှင်ဓာတ်များလည်း ပေါကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သစ်သီးဝလံများ စားသုံးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။

သဘာဝဆေးစွမ်းကောင်းတစ်လက်လို့တင်စားနိုင်တဲ့ အစွမ်းထက်အစားအစာကို ချိုရဲနေအောင် မသုပ်ဘဲ ကျန်းမာရေးနဲ့ ညီညွှတ်ပြီးတော့ စားကောင်းအောင် ဘယ်လိုသုပ်ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဖရဲသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ ကီဝီသီး၊ စပျစ်သီး၊ သရက်သီး စသည့် ရာသီပေါ် သစ်သီးမျိုးစုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပျားရည်၊ လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုယိုရည်နှင့် သစ်ကြမ်းပိုးခေါက်အမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ သစ်သီးများကို သန့်စင်အောင် ရေဆေးပြီးနောက် အနေတော်အတုံးငယ်များ လှီးထားလိုက်ပါ။ ပြီးရင်တော့ ဇလုံအကြီးတစ်လုံးထဲ ထည့်ထားလိုက်ပါ။

၃။ ထို့နောက် စောစောက ပျားရည်အရောအနှောကို သစ်သီးများပေါ်သို့ လောင်းထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

ရရှိလာတဲ့သစ်သီးသုပ်ကို ရေခဲသေတ္တာထဲထည့်ကာ အအေးခံထားလိုက်ပါ။

စားခါနီးကျမှ အချိုပန်းကန်လုံးထဲ ပမာဏအနည်းငယ် ခွဲထည့်ကာ အရသာရှိရှိစားသုံးနိုင်ပါတယ်။

Source: Cravinghomecooked.com