အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အလုပ်များတဲ့ အိမ်ရှင်မတွေအနေနဲ့ မီးဖိုချောင်ထဲမှာ အချိန်အကြာကြီး မကုန်ဆုံးနိုင်ဘူး။ ဒါပေမဲ့လည်း မိမိအိမ်သားတွေအတွက် အရသာရှိတဲ့ ဟင်းလျာကောင်းတစ်ခွက်တော့ ချက်ပြုတ်ပြင်ဆင်ချင်သေးတယ် ဆိုသူများအတွက် ၁၅ မိနစ်တည်းနဲ့ ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ ဂျပန်စတိုင်လ် ကြက်သားဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ (အရိုးနှင့် အရေခွံတို့ ဖယ်ရှားပြီး တစ်လက်မပတ်လည် အတုံးငယ်များ တုံးထားလိုက်ပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း နှင့် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ ထည့်ပါ။

၂။ ကြက်သားတုံးများ ထည့်ကာ ၃ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ကြက်သား ကြော်နေစဉ်အတောအတွင်းမှာ ပဲငံပြာရည်၊ ရေ၊ ပျားရည်၊ သကြားညို၊ ဆန်ရှာလကာရည်၊ နှမ်းဆီ၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ပြောင်းမှုန့်တို့ကို ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ကြက်သားဒယ်အိုးထဲသို့ ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အရည်များ ပျစ်သွားသည်အထိ တည်ပေးရပါမယ်။ ခန့်မှန်းခြေ စက္ကန့် ၃၀ မှ တစ်မိနစ်အထိ ကြာတတ်ပါတယ်။

၅။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်နှင့် နှမ်းစေ့ အနည်းငယ် ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး စားလို့ကောင်းတဲ့ ဂျပန်စတိုင်လ် ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Cookingclassy.com