ယိုးဒယားသင်္ဘောသီးထောင်းဆိုရင်တော့ မိန်းကလေးတွေ အသည်းစွဲဖြစ်မှာပါ။ သင်္ဘောသီးအစိမ်း တစ်လုံးရှိရုံနဲ့ အိမ်မှာ ခဏခဏလုပ်စားလို့ရပါတယ်နော်။ မလုပ်တတ်မှာလည်း စိတ်ပူစရာမလိုပါဘူး။ ယိုးဒယားသင်္ဘောသီးထောင်းကို အိမ်မှာ လွယ်လွယ်ကူကူလုပ်စားနိုင်မယ့်နည်းလမ်းကို ပြောပြပေးသွားမှာပါ။

ယိုးဒယားသင်္ဘောသီးထောင်းလုပ်ဖို့ ဇောက်နက်တဲ့ငရုပ်စုံကြီးတော့ လိုပါတယ်။

သင်္ဘောသီးအစိမ်း တစ်လုံးကို အခွံတွေခွာလိုက်ပါ။ အမျှင်သေးသေးလေးတွေရအောင် ဓားနဲ့ သင်္ဘောသီးကို ဆွဆွပေးရမှာပါ။ ပြီးရင် ဆွထားတဲ့နေရာလေးကို ဓားနဲ့ခြစ်ချလိုက်ပါ။ ဒါဆို အချောင်းသေးသေးလေးတွေ ဖြစ်သွားပါလိမ့်မယ်။

ပန်းကန်လုံး တစ်လုံးစာရပြီဆိုရင်တော့ သင်္ဘောသီးကို ကျွတ်ကျွတ်လေးဖြစ်သွားအောင် ရေခဲနေနဲ့ ၁၀ မိနစ်လောက် စိမ်ထားပေးရပါမယ်။

ပါဝင်ပစ္စည်းတွေအနေနဲ့ နုတ်နုတ်စင်းထားတဲ့ ထန်းညက် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ပုစွန်ခြောက် – စားပွဲတင်ဇွန်း ၁ ဇွန်းမောက်မောက်၊ အလုံးသေးတဲ့ ခရမ်းချဉ်သီးတွေကို တစ်ခြမ်းခြမ်းပြီး – ခွက်သေး ၁ ခွက်စာ၊ ပဲသီး – ၂ တောင့်၊ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ မန်းကျည်းရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပုရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကြက်သွန်ဖြူ အကြီး – ၂ တက်၊ ငရုပ်သီးစိမ်းအတောင့်အရှည် – ၃ ချောင်း၊ မြေပဲ တို့ကို အဆင်သင့်လုပ်ထားပါ။

သင်္ဘောသီးရေစိမ်ထားတာကို ရေသေချာစစ်ချပါ။ ရေစုပ်သွားအောင် တစ်ရှူးအထူကို ပန်းကန်လုံးထဲထည့်ပြီး သင်္ဘောသီးကို ထည့်ထားရင် ကျန်နေတဲ့ရေတွေကို စုပ်သွားမှာပါ။

ငရုပ်စုံထဲကို ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းထည့်ထောင်းပါမယ်။ ညက်အောင်ထောင်းပြီးရင် ထန်းညက်ကိုထည့်ပြီး ညက်အောင်ထောင်းပါ။

ပဲသီးကို တစ်လက်မစာလောက်လေးတွေ ချိုးပြီး ထည့်ထောင်းပါ။ ပုဇွန်ခြောက်နဲ့ မြေပဲ နည်းနည်းကို ထည့်ထောင်းပါ။

ငံပြာရည်၊ မန်ကျည်းရည်နဲ့ သံပုရာရည်လည်း ထည့်ပါ။ သံပုရာရည်ညှစ်ပြီးရင် သံပုရာသီးအခွံ ၂ ဖက်လောက်ကို လွှင့်မပစ်ပဲ ငရုပ်စုံထဲထည့်လိုက်ပါ။ ပြီးရင်တော့ ငရုပ်စုံထဲထည့်ထားတာတွေအားလုံးကို သမသွားအောင် ဇွန်းနဲ့နယ်ပါ။

သမအောင်နယ်ပြီးသွားရင် သင်္ဘောသီးနဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပါ။ ပြီးရင်တော့ ဇွန်းနဲ့မွှေလိုက်၊ ထောင်းလိုက် လုပ်ပေးပါ။ ဒါမှလည်း အကုန်သမသွားပြီး အရသာလည်း နှံ့သွားမှာပါ။

အကုန်သမအောင်လုပ်ပြီးပြီ၊ ထောင်းပြီးပြီဆိုရင်တော့ ကိုယ်စားမယ့်ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင် ယိုးဒယားသင်္ဘောသီးထောင်းလုပ်နည်း ပြီးသွားပါပြီ။

Photo Source: www.pailin’skitchen.com