အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အစားအသောက်ခုံမင်သူများအတွက် ဒိန်ခဲ အမဲသားလုံးကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အနောက်တိုင်းနိုင်ငံမှာတော့ ကြက်ဆင်သားနဲ့ ကြော်စားကြပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ကြက်ဆင်သားက ဈေးထဲမှာ အလွယ်တကူဝယ်လို့အဆင်မပြေတဲ့အတွက်ကြောင့် အမဲသား (သို့) ကြက်သား (သို့) ဝက်သားနဲ့ ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးကို အနည်းငယ်ပြန်လည်ပြောင်းလဲထားတာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်ခွဲခန့် (သို့) ဝက်သား (သို့) ကြက်သား မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။
  • ကြက်သွန်ဖြူ ၂ မွှာ (နုတ်နုတ်စင်းထားပါ)

  • ပူစီနံရွက် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ တစ်လုံး
  • ငရုတ်ကောင်းမုန့်အနည်းငယ်

  • ပေါင်မုန့်အစအနများ ပန်းကန်လုံး တစ်လုံးစာ
  • နွားနို့ ပန်းကန်လုံး လေးပုံတစ်ပုံခန့်
  • ဒိန်ခဲ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ်

ပြုလုပ်နည်းအဆင့်ဆင့်

ဇလုံ အကြီးတစ်လုံးထဲသို့ အမဲသားထည့်ပြီး နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ၊ ပူစီနံရွက်၊ ဆား၊ ငရုတ်ကောင်းနဲ့ ကြက်ဥတို့ထည့်ပြီး လက်အိတ်လေးစွပ်ကာ သေချာနယ်ပေးလိုက်ပါ။

အခြားပန်းကန်လုံးတစ်ခုထဲမှာ နွားနို့နဲ့ ပေါင်မုန့်အစအနများကို ရောလိုက်ပါ။

ဒိန်ခဲကို လေးထောင့်အတုံး ခပ်သေးသေးတုံးထားပါ။

ထို့နောက် နွားနို့နဲ့ ပေါင်မုန့်အစအနများကို အမဲသားဇလုံထဲ ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။ ပြီးရင် အသားအနည်းငယ်ယူပြီး အလယ်ဗဟိုတည့်တည့်မှာ ဒိန်ခဲတုံးလေးထည့်ကာ အနေတော်အလုံးလေး လုံးလိုက်ပါ။

ပြီးတဲ့အခါ ဒယ်အိုးကို အလယ်အလတ်အပူချိန်ပေးထားပြီး ဆီထည့်ကာ အသားလုံးများကို ၁၅ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။ (ကြော်မစားချင်သူတွေအနေနဲ့လည်း Oven ထဲမှာ ကင်ထားလို့ရပါတယ်။ Oven ထဲမှာ ၃၇၅ ဒီဂရီဖာရင်ဟိုက်နဲ့ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။)

၁၅ မိနစ်ခန့် ကြော်ပြီးတဲ့အခါမှာတော့ ငရုတ်သီးဆော့စ် (သို့) ခရမ်းချဉ်သီးဆော့စ်လေးနဲ့ တွဲဖက်စားသုံးလို့ရပါပြီ။

Source: www.mydeliciousmeals.com