နေ့လည်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစားချင်သူများအတွက် ဒီထမင်းကြော်လေးက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါ။ မနေ့ကထမင်းကျန်တဲ့အခါ ဘာလုပ်ရမယ်မသိဖြစ်နေရင် ကြက်ဥ၊ ကြက်သွန်ဖြူအနည်းငယ်နဲ့ ပေါင်းစပ်လိုက်ရုံနဲ့ အရသာရှိတဲ့ ထမင်းကြော်လေးတစ်ပွဲကို ရရှိမှာပါ။ အရသာအလွန်ရှိပြီး ချက်ရတာလည်း မခက်လို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ (လှီးပြီးသား) – စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဂျင်း (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း (လှီးပြီးသား) – ၁ တောင့်
ကြက်ဥ – ၁ လုံး
ထမင်း (ချက်ပြီးသား) – ၂ ခွက်
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်ပုံအဆင့်ဆင့်
မီးအနေတော်မှာ ဒယ်အိုးထဲဆီထည့်၊ အပူပေးပြီး လှီးထားတဲ့ ကြက်သွန်ဖြူထည့်ပါ။ ရွှေညိုရောင်သမ်းလာသည်အထိ ချက်ပေးပါ။
ကြက်သွန်မြိတ်၊ ဂျင်းနှင့် ငရုတ်သီးစိမ်းတို့ကိုလည်း ထည့်ပေးပြီး တစ်မိနစ် မွှေပေးပါ။
ဒယ်အိုးထဲကို ကြက်ဥခေါက်ပြီး ကြက်ဥမွှေဖြစ်သည်အထိ မွှေပြီးကြော်ပေးပါ။
ပြီးလျှင် ထမင်းလောင်းထည့်ပြီး ပါဝင်ပစ္စည်းတွေနဲ့ ရောပြီးမွှေပေးပါ။
ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ပဲငံပြာရည်နှံ့အောင်စမ်းပေးပြီး သေချာမွှေပါ။
ကြက်သွန်မြိတ်ထည့်ကာ တစ်မိနစ်လောက်ကြော်ပေးပါ။
နောက်ဆုံးမှာ ပန်းကန်လုံးထဲပြောင်းထည့်ပြီး ကြက်သွန်မြိတ်နည်းနည်းဖြူးပေးပြီးရင် အရသာရှိရှိစားသုံးနိုင်ပါပြီ။