အရသာရှိတဲ့ စွပ်ပြုတ်ပူပူလေး သောက်သုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ အနံ့အရသာနဲ့ ပြီးပြည့်စုံတဲ့ ကြက်ဥစွပ်ပြုတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သားပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် ၂ လီတာ
  • ကြက်ဥ ၃ လုံး၊ ၄ လုံးခန့်
  • ပြောင်းဖူး စားပွဲတင်ဇွန်း ၄ ဇွန်း
  • လေးထောင့်အတုံးငယ် လှီးဖြတ်ထားသော မုန်လာဥနီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ (ပြောင်းမှုန့်အရည် ဖြစ်သွားအောင် ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောနှောထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ (ဓားပြားရိုက်ထားပါ)နှင့် ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဂျင်းပြား အနည်းငယ်
  • ဟင်းချက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ချင်တွယ်ခွက် (သို့) ပန်းကန်လုံးထဲသို့ ကြက်ဥများ ဖောက်ထည့်ပြီး မွှေခလောက်ထားပါ။

၂။ အိုးတစ်လုံးကို အပူပေးပြီး ဆီ ထည့်ပါ။ ဂျင်းပြားနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ဆီသတ်ပြီးရင်တော့ ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို ဖယ်ရှားလိုက်ပါ။

၃။ ထို့နောက် အိုးထဲသို့ ကြက်ပြုတ်ရည်ထည့်ပါ။ မုန်လာဥနီ၊ သကြားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၄။ ဟင်းရွက်ပွက်ပွက်ဆူလာတဲ့အခါမှာတော့ ပြောင်းမှုန့်အရည်မျျားထည့်ကာ သမအောင် မွှေပါ။

၅။ ထို့နောက် ဟင်းရည်များ အနည်းငယ်ခန့် ပျစ်သွားတဲ့အခါမှာတော့ မွှေခလောက်ထားသော ကြက်ဥ တစ်ဝက်ခန့်ထည့်ကာ စက္ကန့် ၃၀ ခန့် တည်ထားပါ။ ပြီးမှ ကျန်ရှိနေသော ကြက်ဥများ လောင်းထည့်လိုက်ပါ။

ထို့နောက် ကြက်ဥများကို ဦးတည်ဖက်တစ်ခုတည်းဖြင့် မွှေပေးရပါမယ်။

၆။ နောက်တစ်ဆင့်အနေနဲ့ ပြောင်းဖူးနှင့် နှမ်းဆီများထည့်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် ဆား အနည်းငယ်ထည့်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥစွပ်ပြုတ်လေး ရရှိသွားပါပြီ။ ကြက်သွန်မြိတ်အနည်းငယ် ထည့်ကာ လှလှပပအလှဆင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Drivemehungry.com