အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ပဲကြာဇံ၊ မုန်လာဥနီနဲ့ အခြားသောတန်ဆာပလာစုံစုံလင်လင်နဲ့ လိပ်ထားတဲ့ ကြက်ဥလိပ် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ တစ်ထုပ်
  • ကြက်ဥ ၃ လုံး
  • မုန်လာဥနီ အလုံးသေး တစ်လုံး
  • ကြက်သွန်နီ ၃ စိပ် ၁ စိပ်
  • ကြက်သွန်မြိတ် ၁ ပင်

  • ငရုတ်သီး ၁ တောင့်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ပုံ ၃ ပုံ
  • နှမ်းဆီ စားပွဲတင်ဇွန်း ၄ ပုံ ၃ ပုံ
  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ထို့နောက် ပဲကြာဇံများထည့်ကာ ၇ မိနစ်ခန့် ပြုတ်ပါ။

၂။ ကြက်သွန်ကို နုပ်နုပ်စဉ်းပါ။ မုန်လာဥနီကို လေးထောင့်အတုံးငယ် နုပ်နုပ်စဉ်းထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ ငရုတ်သီးတောင့်ကိုလည်း အကွင်းလိုက် ပါးပါးလှီးပါ။ ထို့နောက် ကြက်သွန်နီ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးတို့ကို ပန်းကန်လုံးအကြီးထဲသို့ ထည့်ပါ။

၃။ ပဲကြာဇံပြုတ်တာ အချိန်စေ့သွားပြီဆိုရင်တော့ အဖတ်များကို ဆယ်ယူပြီး ရေအေးဖြင့် ဆေးချလိုက်ပါ။ ထို့နောက် ပဲကြာဇံများကို အပိုင်းအစသေးသေးလေးများဖြစ်သွားအောင် ကတ်ကြေးဖြင့် လှီးဖြတ်လိုက်ပါ။

ရရှိလာတဲ့ ပဲကြာဇံများကို စောစောက ပန်းကန်လုံးအကြီးထဲ ပေါင်းထည့်လိုက်ပါ။ ကြက်ဥ ၃ လုံး ဖောက်ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

၄။ ထို့နောက် ထိုကြက်ဥပန်းကန်လုံးထဲသို့ ပဲငံပြာရည်၊ နှမ်းဆီ၊ သကြားနှင့် ဆားတို့ထည့်ကာ သမအောင် ထပ်မွှေပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီ အနည်းငယ်ထည့်ပါ။ ဆီပူလာပါက ကြက်ဥအရောအနှောများကို စားပွဲတင်ဇွန်း ၂ ဇွန်းစာခန့် ခပ်ယူပြီး ဒယ်အိုးထဲ ထည့်ပါ။ စက္ကန့် ၂၀၊ ၃၀ ခန့်ကြာပြီဆိုရင်တော့ ကြက်ဥကို ထက်ဝက်ချိုးပြီး လိပ်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ သေချာကျက်သွားသည်အထိ ကြော်ပါ။

နှစ်ခြမ်းစလုံး ကြော်ပြီးသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲသို့ ဆယ်ထည့်လိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥလိပ်လေး ရရှိသွားပါပြီ။ ဒီ့ထက်အရွယ်အစားကြီးကြီး လိပ်ချင်တယ်ဆိုရင်တော့ မွှေခလောက်ထားသော ကြက်ဥအရောအနှောများကို ယောင်းမဇွန်းအကြီး တစ်ဇွန်းစာခန့် ခပ်ပြီး ကြော်ပေးလိုက်ပါ။

Source: Futuredish.com