ခရမ်းသီးအရသာကို ကြိုက်နှစ်သက်သူများအတွက် အပြုတ်၊ အချက်စားရတာကို ငြီးငွေ့လာပြီဆိုလျှင် ဤနည်းလမ်းလေးကို စမ်းကြည့်ပါ။ အရသာလည်းကောင်း လုပ်ရတာလည်း လွယ်တာကြောင့် မိသားစုဝင်များလည်း အထူးကြိုက်နှစ်သက်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ခရမ်းသီးရှည် (အလုံးကြီး) – ၅ လုံး
ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ – ၁၀ ကျပ်သား
ကြက်သွန်နီ (နုပ်နုပ်စဉ်း) – ၃ လုံး
ငရုပ်သီးစိမ်း (နုပ်နုပ်စဉ်း) – ၅ တောင့်
ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) – ၃ မြွှာ
နနွင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အမဲ (စဉ်းကောလုပ်ပြီး) – ၇၅ ကျပ်သား
ကြက်ဥ (ခေါက်ပြီး) – ၃ လုံး
မုန့်ကြွပ်အမှုန့် – လက်ဖက်ရည်ဇွန်း ၇ ဇွန်း
ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်
ဆားထည့်ထားသော ရေဆူတွင် ခရမ်းသီးကို (၁၅) မိနစ်ခန့်ပြုတ်ပါ။ နူးလာပါလိမ့်မည်။ ပြီးလျှင် ရေကုန်အောင်စစ်ထားပါ။ ဒယ်တွင်ဆီထည့်၍ ပူအောင်လုပ်ပါ။ ကြက်သွန်နီထည့်ပြီး ရွှေရောင်သမ်းသည်အထိ ကြော်ပါ။ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းနှင့် နနွင်းထည့်၍ (၂) မိနစ်ခန့်မွှေပေးပါ။ ပြီးလျှင် အမဲစင်းကောများ ထည့်ချက်ပါ။ အားလုံးညိုလာသည့်အထိ မွှေပေးပါ။ အရသာအတွက် ဆားအနည်းငယ်ထည့်ပြီး မီးအေးအေးဖြင့် မိနစ် (၂၀) ခန့်ချက်ပါ။ အသားများနူးလာပါလိမ့်မည်။
ရေစစ်ထားသော ခရမ်းသီးကို အလယ်မှ အလျားလိုက် ထက်ခြမ်းခွဲပါ။ အတွင်းသားများကို သေချာစွာ အခွံမပဲ့အောင် ဇွန်းဖြင့်ကလော်ထုတ်ပြီး အသားစဉ်းကာဖြင့် နှံ့အောင်ရောစပ်ပါ။ ဆားအပေါ့အငံမြည်းပြီးနောက် ရောစပ်ထားသည်များကို ခရမ်းသီးအခွံအတွင်းသို့ အနေတော်ထည့်ကာခေါက်ထားသော ကြက်ဥအရည်ကို မျက်နှာပြင်တွင်သုတ်လိမ်းပါ။ အပေါ်မှနေ၍ မုန့်ကြွပ်အစအနမုန့်များ ဖုံးအုပ်ပါ။ ကြိုတင်အပူပေးထားသော လက်ကိုင်ပါဒယ်တွင် မျက်နှာပြင်မှောက်ပြီး ဆီပူထိုးပါ။ မျက်နှာပြင် ရွှေရောင်သမ်းလာလျှင် တည်ခင်း၍ရပြီဖြစ်ပါတယ်။