ပါဝင်ပစ္စည်းများ

  • Ice Cream
  • မုန့်လက်ဆောင်းဖတ်
  • ဂျယ်လီ
  • ပူတင်း
  • သာကူ၊ သကြားရည်

ပြုလုပ်နည်း

ဖာလူဒါလုပ်မယ်ဆိုရင် Ice Cream နဲ့ မုန့်လက်ဆောင်းဖတ်ကို ဝယ်ထားပါ။ ကျန်တာတွေတော့ အိမ်မှာပဲ လုပ်ပါတယ်။ မုန့်လက်ဆောင်းဖတ်ကို ရေနွေးဖြော၊ ရေအေးနှင့် အေးအောင် ဆေးပြီး ဇကာနှင့် စစ်ထားပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ၌ ထည့်ထားပါ။

ဂျယ်လီလုပ်ရန် – ရေ 250ml နှင့် သကြား 3 Tbsp တို့ကို ရော၍ Medium Heat ဖြင့်တည်ပါ။ ရေဆူလာလျှင် Agar Agar အမှုန့် 2 g ကို ထည့်ပြီး နောက်ထပ် ၂မိနစ်ခန့် ဆူပါစေ၊ အဆက်မပြတ် မွှေပေးပါ။

ပြီးလျှင် အရောင်ထည့်ထားသော ခွက်၂ ခွက်ထဲ မျှထည့်ပြီး အရောင်သမသွားအောင် မွှေပေးပါ။ ထို့နောက် ဂျယ်လီလုပ်မည့် ခွက်လေးများထဲထည့်၍ အအေးခံထားပြီး၊ အေးသွားလျှင် ရေခဲသေတ္တာထဲ၌ ထည့်ထားပါ။

သာကူ – သာကူ လက် ၃ဆုပ်ခန့်ကို ရေစိမ် ထားပါ ။ ရေ 800 ml ကို ဆူအောင်တည်ပြီး သာကူ များကို ရေစစ်၍ ထည့်ပါ ။ သကြား 3 Tbsp ထည့်ပါ ။ မီးအေးအေးနှင့် အဆံ ပျောက်သည်ထိ ကြိုပါ။

အဆံ ပျောက်သွားလျှင် အရောင် ၂ စက်ခန့်ထည့်ပြီး မွှေပေးပါ။ ပြီး ဇကာနှင့် စစ်၍ အေးသွားသည်ထိ ရေဆေးပါ။ အေးသွားမှ ရေစစ်ပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ။

ပူတင်း လုပ်ရန် – ဂျုံ 2 Tbsp ၊ ကြက်ဥ ၃လုံး ၊ သကြား 2 Tbsp ၊ ဆား အချိုဇွန်း တဝက်၊ ဗနီလာ ၁စက် ၊ နွားနို့ 350 ml တို့ကို အိုးထဲထည့်၍ ရောမွှေပါ။

မီးအေးအေး နှင့် ပြစ်လာသည်ထိ ကြိုပါ။ အဆက်မပြတ် မွှေပေးပါ (1 to 2 sec မျှ) ၊ Oven ကို200· C ဖြင့် ကြိုတင် အပူပေးထားပါ ။ ပြစ်လာလျင် ထောပတ် သုပ်ထားသော ဗန်းထဲ ထည့်၍ 35 မိနစ် ဖုတ်ပါ။

မုန့်ကျက်လျင် ဗန်းကို ထုပ်၍ အအေးခံပြီး အေးသွားမှ နှစ်သက်ရာ အတုံးသေးလေးများ လှီးပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ။

သကြားရည် – ရေ အကြမ်းပန်းကန် ၂လုံးစာ ကို ဆူအောင် တည်ပြီး အမှုန့်သေးသော သကြား 4 Tbsp ကိုထည့်၍ သကြားများ အားလုံး ပျော်ဝင် သွားအောင် တည်ပေးပါ။

အနီရောင် Food Colouring ၁စက်, ၂စက် နှင့် နှင်းဆီအနံ 1 Tsp ခန့်ထည့်ပါ (ဖာလူဒါ လုပ်ရင် နှင်းဆီနံ့ က အရေးကြီးဆုံးပါ..မပါမဖြစ် ပါရမယ်) ၊ သကြားများ ပျော်ဝင်သွားမှ အအေးခံပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ။

စားခါနီးတွင် ခွက်ထဲသို့ အအေးခံထားသော အရာများ (1to 4) ကို နည်းနည်းစီ ကြိုက်သလို ထည့်, ဘူး နွားနို့ အနည်းငယ် (ကြိုက် သလောက်) ထည့် ၊ သကြားရည် ထမင်းစားဇွန်း ၁ဇွန်း ခွဲခန့် ထည့်၊ နို့ဆီ 1 Tbsp ကိုပါ ထည့်ပြီး အပေါ်ဆုံးတွင် Ice Cream ကိုထည့်ပါ။

ဖာလူဒါ အေးအေး မွှေးမွှေး ချိုချိုလေးကို အချိုပွဲအဖြစ် လုပ်စားကြည့်ပါ။

Credit: Aye Cooking