မြန်မာတို့ဟာ ဆယ့်နှစ်ရာသီ ပွဲလမ်းသဘင် ရှိကြပါတယ်။ တချို့ပွဲလမ်းသဘင်တွေက ပွဲဈေးတွေ မပါပေမယ့် တစ်ချို့ ပွဲတော်တွေမှာတော့ ပွဲဈေး၊ ဇာတ်ပွဲနဲ့ လည်ပတ် စားသောက်စရာ ဆိုင်တန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကျင်းပကြပါတယ်။ မိုးဦးကျ လေဦးကျမှာ သိပ်မရှိပေမယ့် မိုးလေကင်းပြီဆိုတာနဲ့ ပွဲဈေးတန်းတွေ တစ်နေရာမဟုတ် တစ်နေရာ တွေ့နေရပါပြီ။ ပွဲဈေးမှာ အများအားဖြင့် တွေ့နိုင်တဲ့ မြန်မာမုန့်ကတော့ ဝါးလုံးကို ပိုင်းပြီး ရောင်းနေသလား ထင်မှတ်မှားလောက်တဲ့ ကောက်ညှင်းကျည်ထောက်ပါ။ မြန်မာမုန့်လို့ ဆိုပေမယ့် လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့လို အရှေ့တောင်အာရှ နိုင်ငံတစ်ချို့မှာလည်း စားကြပါတယ်။
ပြုလုပ်ထားပုံမှာ စိတ်ဝင်စားစရာ ကောင်းပြီး မွေးပျံ့တဲ့ အနံ့နဲ့ အရသာကတော့ ပြောစရာ လိုမယ်မထင်ပါဘူး။ သကြားနဲ့ပဲ စားစား၊ အသားနဲ့ပဲစားစား အဆင်ပြေတဲ့ မြန်မာမုန့်ပါ။ ထူးထူးဆန်းဆန်း ပြုလုပ်ထားတာမို့ ပြင်ပ ခရီးသွား ဧည့်သည်တွေ စိတ်ဝင်စားတဲ့ မုန့်တစ်မျိုး ဆိုရင်လည်း မမှားပါဘူး။ ကောက်ညှင်းကျည်ထောက်လို့ ဘာကြောင့် ခေါ်လဲဆိုရင် ကောက်ညှင်းဆန်ကို ဝါးကျည်ထောက်ထဲ ထည့်ပြီး လုပ်ထားတဲ့ မုန့်ဖြစ်လို့ပါ။ ကောက်ညှင်းကျည်ထောက်မှာ အဓိက ပါတာက
- ကောက်ညှင်း (အဖြူ အမဲ ကြိုက်နှစ်သက်ရာ)
- တင်းဝါး
- ကောက်ရိုး အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။
ကောက်ညှင်းကျည်ထောက် ပြုလုပ်ပုံကို ဖတ်ဖူးတဲ့ စာအုပ်ထဲကနေ ပြန်ပြီး မျှဝေပေးပါမယ်။ ပထမဆုံး ကောက်ညှင်းကို ရေစင်စင်ဆေးပြီး တစ်ည ရေစိမ်ထားရပါမယ်။ ပြီးရင် ရေစစ်ထားပါ။ ဝါးတွေကို အဆစ်ရှိတဲ့ဘက်ကနေ တစ်ဖက်ပိတ် ဖြတ်ထားပြီး စစ်ထားတဲ့ ကောက်ညှင်းတွေကို ထည့်ပါမယ်။ ကောက်ညှင်းကျည်ထောက်တွေကို ဖုတ်တဲ့ အခါ မြေကြီးကို မီးလင်းဖို ပုံစံ အရှည်လိုက် တူးပြီး ဝါးတန်း တစ်တန်းမှာ တစ်ဖက်တစ်ချက် ကောက်ညှင်းထည့်ထားတဲ့ ဝါးတွေကို ထောင်ပြီး ဖုတ်ရပါတယ်။
ကောက်ညှင်းတွေ နပ်လောက်ရင် ထိပ်ဝတွေကို ကောက်ရိုးနဲ့ ပိတ်လိုက်ရပါတယ်။ အထဲက ကောက်ညှင်းတွေ မတူးသွားစေဖို့ ဖုတ်နေတဲ့ အချိန်မှာ လှည့်ပေးရပါတယ်။ ကျက်လာတဲ့ အခါ အပေါ်ယံ အမြှေးတွေကို ဓါးနဲ့ ပါးပါးလွှာပစ်လိုက်ရပါတယ်။ ဖြူဖွေးနေတဲ့ ကောက်ညှင်းကျည်ထောက်တွေကို ရပါပြီ။
ရန်ကုန်မှာတော့ ကောက်ညှင်းကျည်ထောက်ကို အရှည်လိုက် ရောင်းတာ ရှားပါတယ်။ ဖြတ်ပြီး အပိုင်းလေးတွေကို ခွဲ အလယ်မှာ သကြားနဲ့ အုန်းသီး ညှပ်ပြီး စားပါတယ်။ နယ်ဘက်တွေမှာတော့ အတောင့်လိုက် အရောင်းများပါတယ်။ အမဲကြော်၊ ဆီးနဲ့ဆား၊ ကြွက်ကြော်တို့နဲ့ တွဲဖက်စားလေ့ရှိပြီး မုန့်ဟင်းခါး? တို့ဖူးသုပ်တို့နဲ့လည်း တို့စားကြပါတယ်။