ကြက်ဥပူတင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဖိလစ်ပိုင်လူမျိုးတွေအကြား လူကြိုက်များ ရေပန်းစားတဲ့ ရိုးရာ ကြက်ဥပူတင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ကြက်ဥပူတင်း ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေ များများစားစား မလိုအပ်ပါဘူး။ သကြား၊ ကြက်ဥအနှစ်၊ နို့ဆီ၊ နို့စိမ်းနှင့် ဆားအနည်းငယ်သာ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြား ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)နှင့် သကြားကျိုရန် ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥအနှစ် ၁၂ လုံး
  • နို့ဆီ ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • နို့စိမ်း ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သကြားကျိုတဲ့အခါ အိုးမတူးဖို့ရန်အတွက် အသားထူသော ဒယ်အိုးကို ရွေးထားပြီးနောက် ထိုဒယ်အိုးထဲတွင် သကြားနှင့် ရေတို့ထည့်ကာ သကြားကျိုပေးလိုက်ပါ။ ဇွန်းဖြင့် မွှေစရာမလိုပေမယ့် ဒယ်အိုးလက်ကိုင်မှတဆင့် ဒယ်အိုးကို လှည့်ပေးဖို့လိုပါတယ်။

သကြားရည်က ပယင်းရောင် ပြောင်းသွားပါက မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၂။ ရရှိလာသော သကြားရည်များကို အသင့်ပြင်ထားသော အပူဒဏ်ခံနိုင်တဲ့ ပန်းကန်လုံးလေးထဲ အလျင်အမြန်လောင်းထည့်လိုက်ပါ။

သကြားရည်က အေးသွားပါက ခဲသွားတဲ့အတွက်ကြောင့် မြန်မြန်ဆန်ဆန်ပြုလုပ်ပေးဖို့ လိုပါတယ်။

၃။ ပေါင်းအိုးထဲတွင် ရေထည့်ကာ အပူပေးထားပါ။

ပန်းကန်လုံးတစ်လုံးတွင် ကြက်ဥအနှစ်များကို မွှေခလောက်ထားလိုက်ပါ။

၄။ မွှေခလောက်ထားသော ကြက်ဥအနှစ်ထဲသို့ နို့ဆီ၊ နို့စိမ်းတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဆားအနည်းငယ် ထည့်ကာ အသာအယာ ထပ်မွှေပါ။ (ပူစီဖောင်း ထလာခြင်းမှ ရှောင်ကြဉ်ဖို့ရန်အတွက် ကြမ်းကြမ်းတမ်းတမ်း မမွှေလိုက်ပါနဲ့)

၅။ ရရှိတဲ့ ကြက်ဥ နို့ဆီ အရောအနှောများကို စောစောက သကြားရည်ထည့်ထားသော ပန်းကန်လုံးထဲ အညီအမျှ လောင်းထည့်လိုက်ပါ။

၆။ ထို့နောက် ပေါင်းအိုးထဲတွင် မိနစ် ၂၀မှ မိနစ် ၄၀ အထိ ထည့်ပေးထားလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်သွားပါက အရသာရှိတဲ့ ဖိလစ်ပိုင်ရိုးရာ ကြက်ဥပူတင်းလေး ရရှိသွားပါပြီ။

အချိုပန်းကန်လုံးထဲ ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com