လူကြီး လူငယ် ကျား၊ မ မရွေး စားသုံးနိုင်တဲ့ ကြက်သားလုံးဟင်းကို စပ်စပ်လေး ချက်စားတဲ့အခါ အရေးကြီးတဲ့အဓိကသော့ချက်ကတော့ အချဉ်ရည်ဆော့စ် စပ်နည်းပဲဖြစ်ပါတယ်။ ဆော့စ်ကို အစပ်အဟပ်တည့်အောင် စပ်မှသာလျှင် အရသာရှိတဲ့ ကြက်သားလုံး အစပ်ချက်ဟင်းလျာကို အရသာရှိရှိ မြည်းစမ်းကြည့်နိုင်မှာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ပေါင်မုန့်အကြေအစများ ၁၂၀ ဂရမ်
  • နံနံပင် အနည်းငယ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ အသေး ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၁ လုံး

  • ဆားနှင့် ငရုတ်သီးမှုန့် အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)နှင့် ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး အကြီးတစ်လုံးထဲတွင် ကြက်သား၊ ပေါင်မုန့်အကြေအစများ၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်ဥ၊ ဆားနှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

ထို့နောက် အသားလုံး အနေတော်အရွယ်အစားခန့် လုံးလိုက်ပါ။

၂။ ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပါ။ ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက အသားလုံးများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ အသားလုံးများ ကျက်သွားပါက ဆော့စ်များ ထည့်ပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆော့စ်များ အရည်ပျစ်သွားသည်အထိ ၅ မိနစ်ခန့် တည်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ထမင်းနဲ့ပဲ တွဲစားစား၊ သူ့ချည်းပဲ စားစား အရသာရှိတဲ့ ကြက်သားလုံး အစပ်ချက်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Cravinghomecooked.com