ဒီနေ့ညနေတော့ တနေ့လုံး အင်းထဲသွားလည်ထားတာလည်း များနေတော့ အိမ်မှာ အဆင့်သင့်ကြော်ထားပြီးသားရှိနေတဲ့ ငါးဖယ်ကြော် နှင့် အင်းထဲရောက်တုန်း ပေးလိုက်တဲ့ ခရမ်းချဉ်သီးလတ်လတ်ဆတ်ဆတ်ကို သုပ်ပြီး ထမင်းပူပူလေးနဲ့ စားလိုက်တာ အလွန်ပင် စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

ငါးဖယ်ကြော်

ဗမာ ခရမ်းချဉ်သီး

ခါကြက်ဥ

ကြက်သွန်ဖြူဆီချက်

ဗမာနံနံ

သံပုရာရည်

ပုဇွန်ငံပြာရည်

ဆီ

ဆား

ငရုတ်သီးစိမ်း

ပြုလုပ်နည်း

ငါးဖယ်ကို ပြား၍ (သို့မဟုတ်) လက်မခန့်အရှည် လုံး၍ ဆီများများ ထဲတွင် ထည့်ကြော်ပါ။ ငါးဖယ်အရောင် ဝါသွားလျှင် ကျက်၍ ဆီအိုးမှ ဆယ်ပြီး အအေးခံပါ။ ခါကြက်ဥ/ဥဝါကို ခြစ်၍ ရေစိမ်ထားပါ။

မညက်တညက် ထောင်းထားသော ကြက်သွန်ဖြူကို ဆီချက် ချက်ပါ။ အအေးခံထားသော ငါးဖယ်ကြော်ကို အရွယ်တော်လှီး ထားပါ။

ဗမာ ခရမ်းချဉ်သီးကို အရှည်လိုက် မထူမပါးလှီးပါ။

ပါဝင်ပစ္စည်းများ အားလုံး အစဉ်သင့် ဖြစ်ပါက ငါးဖယ်ကြော် ၊ ဗမာ ခရမ်းချဉ်သီး၊ ခါကြက်ဥ၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးစိမ်း၊ ဗမာနံနံ၊ သံပုရာရည်၊ ပုဇွန်ငံပြာရည်၊ အချိုငံထည့်၍ ချဉ်စပ်လေး သုပ်စားပါ။

Credit: Daw Suu Suu