ဒီနေ့တော့ အများကြီး မချက်ချင်တော့တာနဲ့ ငါးတန်လေးကို အချဉ်ဆီပြန်ချက်ပြီး ကန်စွန်းရွက်ကြော်ဖို့ တွေးထားပါတယ်။ ငါးဟင်းက ချက်ရတာ လွယ်ပြီး မြန်တာမို့ ဒါပဲချက်ဖို့ စီစဉ်လိုက်ပါတယ်။ ငါးတန်ကို ငါးဝက်သားလို့တောင် အချို့က ခေါ်ကြပါတယ်။ အဆီတစ်ထပ် အသားတစ်ထပ်နဲ့မို့ အလွန် စားကောင်းတဲ့ ငါးပါ။ ငါးတန်ငါးဟာ အနည်းငယ် ညှီနံ့ ရှိတဲ့ အတွက် အချဉ်လေးနဲ့ ချက်တာ အကောင်းဆုံးပါပဲ။

ပြုလုပ်ပုံ

  • ပထမဦးဆုံး ငါးကို ရေနဲ့ စင်အောင်ဆေးပါ။ ဟင်းခတ်မှုန့်၊ ဆားနဲ့ နနွင်းနယ်ပြီး နှပ်ထားပါ။
  • မန်ကျည်းသီးမှည့်ကို ရေစိမ်ထားပါ။
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးအနုမှုန့်နဲ့ ဂျင်းတို့ကို ရောထောင်းထားပါ။
  • အိုးထဲ ဆီထည့်ပြီး ဆီဆူလာရင်တော့ နနွင်းနည်းနည်း ထည့်ပါ။ ထောင်းထားတဲ့ အဆာပလာတွေကို ထည့်ပြီး ဆီသတ်ပါ။
  • နယ်ထားတဲ့ ငါးတွေကို ထည့်ပါ။ အနံ့ပျောက်အောင် ဆီနဲ့ လုံးပြီး မွှေပေးပါ။
  • ရေအနည်းငယ် ထည့်ပြီး ခဏ အုပ်ထားပါ။
  • ရေဆူပြီး အနည်းငယ် ခန်းရင်တော့ မန်ကျည်းမှည့်ရည်ထည့်ပါ။
  • မဆလာ ထည့်ပေးပါ။
  • အပေါ့အငံ  မြည်းပြီး လိုတာထည့်ပါ။ နောက်ဆုံးမှာ ငရုတ်သီးစိမ်းနဲ့ နံနံပင်လေး အုပ်ပါ။ ဆီပြန်တဲ့အထိ ထားပြီး ချပါ။

ပြီးရင်တော့ ကန်စွန်းရွက်လေးကို အဆင်သင့် ထွင်ထားပြီး စားကာနီးမှ ပူပူလေး ဖြစ်အောင် ကြော်စားတာပေါ့နော်။ ကန်စွန်းရွက်ကို မှိုလက်ကျန်လေး နည်းနည်းလေး ကြော်ပြီး ငါးတန်ဆီပြန်လေးနဲ့ စားလိုက်တာ ထမင်း ၂ပန်းကန် ပြိုက်ခနဲကို ကုန်သွားတယ်။

fish curry