ဟင်းပွဲများအားလုံး ချက်ပြုတ်ပြင်ဆင်ပြီးသွားပေမယ့် ဟင်းရည်ချက်ပြုတ်ဖို့ အချိန်အများကြီး မပေးနိုင်တော့ဘူး။ ဟင်းချက်ရတာ လူလည်း နည်းနည်းပင်ပန်းသွားပြီဆိုရင်တော့ အချိန်လည်း အများကြီး ပေးစရာမလို၊ လူလည်း သိပ်မပင်ပန်း၊ ချက်ပြုတ်နည်း အဆင့်ဆင့်ကလည်း လွယ်ကူတဲ့ U.S. အာလူးအမှုန့် ပဲကြာဇံဟင်းရည်ကိုသာ ချက်ပြုတ်လိုက်ပါ။ ငါးဖယ်ကြော်လေးနဲ့ဆိုလည်း အရမ်းလိုက်ဖက်လို့ တစ်ခါတည်းချက်စားဖို့မမေ့နဲ့နော်။

ပြင်ဆင်ချိန် – ၁၅ မိနစ်

ချက်ပြုတ်ချိန် – ၁၅ မိနစ်

ကြာချိန် – ၃၀ မိနစ်

အာလူးအမျိုးအစား – ရေဓါတ်ထုတ်ထားသောအာလူး

ပွဲအရေအတွက် – ၂

ချက်ပြုတ်နည်း – အပြုတ်

ဟင်းပွဲ – အဓိကဟင်းပွဲ/ဟင်းချို

ဟင်းလျာအမျိုးအစား – မြန်မာဟင်းလျာ

ပါဝင်ပစ္စည်းများ

  • U.S. Dehydrated Potato Flakes – ၅၀ ဂရမ်
  • ငါးဖယ်ခြစ် – ၁၀ ဂရမ်
  • ပဲကြာဇံ (ရေစိမ်) – ၁၀ ဂရမ်
  • အရသာမှုန့် – အနည်းငယ်
  • ကြက်သွန်ဖြူ (နှုတ်နှုတ်စင်း) – ၅ ဂရမ်
  • ကြက်သွန်မိတ် (ပါးပါးလှီး) – ၁ စားပွဲဇွန်း
  • ကြက်သွန်နီကြော် – ၁ စားပွဲဇွန်း
  • နနွင်းမှုန့် – အနည်းငယ်
  • ဆီ – အနည်းငယ်
  • ရေ – ၂၅၀ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်

1. ငါးဖယ်ကို အရသာနယ်ပြီး အဝိုင်းလေးလုပ်ပြီး ကြော်ထားပါ။ ပြီးလျှင် ပါးပါးရှည်ရှည်လေး လှီးထားပါ။

2. မီးဖိုပေါ်တွင် အိုးကိုအပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာလျှင် နနွင်းမှုန့်ထည့်ပါ။ ပြီးလျှင် နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ရေထည့်ပါ။ ရေဆူလာလျှင် U.S. dehydrated potato flakes (အာလူးမှုန့်)ထည့်ပြီး ကြေအောင်သေချာ မွှေပေးပါ။ ပြီးလျှင် အရသာမှုန့်ထည့်ပါ။ ရေစိမ်ထားသော ပဲကြာဇံပါထည့်ပြီး ဆူလာသည်အထိ တည်ထားပေးပါ။ ရေဆူလာပြီး ကြာဇံနူးလာပြီဆိုလျှင် အရသာမြည်းကြည့်ပါ။ လိုချင်တဲ့အရသာရပြီဆိုလျှင် ပန်းကန်လုံးထဲသို့ထည့်ပါ။

အလှဆင်ပြင်ဆင်ခြင်း

– ထည့်ထားသော အာလူးဟင်းရည်ပန်းကန်ပေါ်တွင် လှီးထားသော ကြက်သွန်မိတ်နှင့် ကြက်သွန်နီ ကြော်ဖြူးပြီး အလှဆင်ပါ။ ပန်းကန်သေးလေးတွေပေါ်တွင် ကြော်ပြီးလှီးထားသော ငါးဖယ်၊ ကြက်သွန်နီကြော်၊ ကြက်သွန်မိတ်ပါးပါးလှီးထားသည့် အားလုံးကို တစ်ပန်းကန်စီထည့်ပြီး U.S. အာလူးဟင်းရည်နှင့် တွဲဖက်ပြီး တည်ခင်းကျွေးမွေးနိုင်ပါသည်။

Chef Moe Moe Khaing