ခရမ်းချဉ်သီးဖျော်ရည် သောက်သုံးခြင်းအားဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို စာဖတ်သူတို့ သိပြီးကြပါပြီလား။

ခရမ်းချဉ်သီးဖျော်ရည် မှန်မှန်သောက်သုံးပါက အစာချေစနစ်ကောင်းမွန်ခြင်း၊ သွေးခဲခြင်းမှ ကာကွယ်ပေးကာ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း၊ ကိုယ်တွင်းအဆိပ်အတောက်များ ဖယ်ရှားပေးခြင်း၊ ကိုယ်လက်စတောပမာဏကို လျော့ချပေးခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း စတဲ့ အကျိုးကျေးဇူးများအပြင် ကိုယ်လက် လေ့ကျင့်ခန်းနှင့် အားကစား လိုက်စားသူများအတွက် သက်လုံကောင်းစေတဲ့ ဖျော်ရည်တစ်ခွက်ပဲဖြစ်ပါတယ်။

ထိုဖျော်ရည်ကို အစေ့နဲ့ အဖတ်များ မပါရှိဘဲ အရည်ချည်းပဲ သီးသန့်ဖျော်သောက်လို့ရအောင် လတ်လတ်ဆတ်ဆတ်လေးနဲ့ အရသာရှိရှိ သောက်သုံးနိုင်အောင် ဘယ်လိုဖျော်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၁၀ ပေါင် (ရေဆေးပြီးနောက် လေးစိပ် စိပ်ထားပါ။ အလယ်ကအူတိုင်ကို ဖယ်ရှားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၆ ဇွန်းခွဲ (မထည့်လည်း ရပါတယ်)
  • ငရုတ်သီးမှုန့်၊ ကြက်သွန်နီအမှုန့်၊ ငရုတ်သီးဆော့် အနည်းငယ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ခရမ်းချဉ်သီးစိပ်များထည့်ကာ မိနစ် ၃၀ ခန့် ဆူပွက်လာအောင် တည်ထားပါ။

၂။ သတ်မှတ်ချိန်ပြည့်ပါက မီးဖိုပေါ်ကချပြီး ခရမ်းချဉ်သီးအနှစ်များကို အအေးခံထားပါ။

ပန်းကန်လုံးတစ်လုံးပေါ်တွင် ရေစစ် (သို့) ဆန်ခါ တင်ထားပါ။ ခရမ်းချဉ်သီးအနှစ်များကို အဖတ်နှင့် အရည် သပ်သပ်စီဖြစ်သွားအောင် ခွဲလိုက်ပါ။

၃။ ရရှိလာတဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို ဒယ်အိုးထဲ ပြန်ထည့်ပြီး မီးအပူပြန်ပေးပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်ပါ။

သံပုယိုရည်နှင့် အခြားအမွှေးအကြိုင်များ ထပ်ထည့်ချင်ပါက လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံစီ နည်းနည်းချင်းစီးထည့်ပြီးမှ အရသာ မြည်းစမ်းကြည့်လိုက်ပါ။

၄။ (၅) မိနစ်ခန့် ဆူပွက်လာအောင် တည်ပြီးတဲ့နောက်မှာ မီးပိတ်လိုက်ပြီး သူ့မီးအပူရှိန်ဖြင့် ဆက်လက်အပူပေးထားပါ။

၅။ ထို့နောက် ခရမ်းချဉ်သီးဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်ထားလိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ကာ ဆက်လက်အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ လတ်ဆတ်ပြီး အရသာရှိတဲ့ ခရမ်းချဉ်သီးဖျော်ရည်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com