ပင်လယ်စာကို ကြိုက်နှစ်သက်သူများအတွက် ယခုဖော်ပြပေးမယ့် ပြည်ကြီးငါးကြော်လေးက အကောင်းဆုံးပါပဲ။ ထမင်းနဲ့ပဲစားမလား၊ သရေစာအနေနဲ့ပဲစားမလား အချိန်တိုင်းကြိုက်သလိုကို အလွယ်တကူလုပ်စားနိုင်မယ့် နည်းလမ်းအလွယ်လေးမို့ အမြန်ပဲချက်စားကြည့်ကြပါအုံးနော်။
ပါဝင်ပစ္စည်းများ
ပြည်ကြီးငါး (Squid) – ၁ ကီလို
နို့ (Milk) – ၂၀၀ မီလီလီတာ
ကြက်ဥ (Eggs) – ၂ လုံး
ဖလာမှုန့် (Purpose Flour) – ၂၂၀ ဂရမ်
ပြောင်းဖူးဖလာ (Corn Starch) – ၂ ဇွန်း(စားပွဲတင်ဇွန်း)
ဆား (Salt) – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ငရုပ်ကောင်းမှုန့် (Black Pepper) အနည်းငယ်
ပြုလုပ်နည်း
ပထမဆုံး ပြည်ကြီးငါးကို ခေါင်းဖြုတ်အရေခွံချွတ်ပြီး ဝမ်းဗိုက်ထဲကို သန့်ရှင်းရေး ပြုလုပ်ကာ ရေစင်အောင် ဆေးပါ။ ရေဆေးပြီးပါက လက်တစ်လုံးအရွယ်ခန့် အကွင်းလေးတွေ လှီးပြီး ခြောက်သွေ့နေအောင် အဝတ်စ(သို့) တစ်ရှူးစဖြင့်ရေသုတ်ထားပါ။
ဇလုံတစ်ခုထဲတွင် ပါဝင်ပစ္စည်းများကို အချိုးအစားအတိုင်းထည့်၍ ပြည်ကြီးငါးကြော်ရန် အတွက် မုန့်နှစ်ပြု လုပ်ပါ (မပျစ် မကြဲ) လေးပြုလုပ်ရပါမည်။
ထို့နောက်ခြောက်သွေ့အောင် ပြုလုပ်ထားသည့် ပြည်ကြီးငါး အကွင်းလေးများကို မုန့်နှစ်ဖြင့် လူးပြီး ဆီများများထည့်ထားသည့် အိုးထဲသို့ တစ်ခုချင်းစီထည့်၍ ကြော်ရပါမည်။
ပြည်ကြီးငါး ကွင်းလေးများ ရွှေဝါရောင်သန်းလာပါက ဆယ်ယူကာဆီစစ်ပြီး ပုံတွင် ပြထားသည့်အတိုင်း အလှစဉ်၍ အသင့် စားသုံးနိုင်ပါသည်။
(မှတ်ချက် – Fried Calamari သည် အီတလီ အစားအစာ တစ်ခုဖြစ်ပါသည်။)
Credit: ဇွဲသုသု