ကြက်သားကြော်ကြိုက်တဲ့သူတွေအတွက် အရသာရှိတဲ့ ထိုင်းစတိုင်လ် ကြက်သားအစပ်ကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတဲ့အဆင့်တွေများပေမယ့် လုပ်ရတာတော့ လွယ်ကူပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ ကြက်ပေါင် – ၄ တုံးကို အရိုးတွေထုတ်ပြီး အသားကို အနေတော်လောက်လေးတွေ တုံးပြီး ပန်းကန်လုံးထဲထည့်ပါ။ ကြက်ဥ – ၁ လုံးဖောက်ထည့်ပါ။ ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်နဲ့ ဆား – အနည်းငယ် ထည့်ပြီး နယ်ပါ။

ဒယ်အိုးအသေးလေးထဲကို Thai Chili Paste (ငရုပ်သီးအနှစ်) ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပါ။ ခရုဆီ – စားပွဲတင်ဇွန်း ၃ ဇွန်း၊ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ သကြား – စားပွဲတင်ဇွန်း ၃ ဇွန်း၊ ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ကြက်သွန်ဖြူ – ၃ တက်ကို ခြစ်ပြီးထည့်ပေးပါ။ ငရုပ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကိုလည်း ထည့်ပါမယ်။

အားလုံးပြီးရင်တော့ မီးဖိုပေါ်တင်ပြီး မွှေပေးပါ။ ပြီးရင်တော့ ရှောက်ရွက်နည်းနည်းကို နုတ်နုတ်ဆင်းပြီး ထည့်ပါမယ်။ သံပုရာသီအခွံကိုလည်း နည်းနည်းခြစ်ပြီးထည့်ပါမယ်။ သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းကိုလည်း ထည့်မွှေပါမယ်။ နည်းနည်းပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ မီးပိတ်ထားလို့ရပါပြီ။ ဒါဆိုရင်တော့ Chili ဆော့စ်ဖြစ်သွားမှာပါ။

ပန်းကန်အကြီးထဲကို ဂျုံမှုန့် – ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာနဲ့ ပြောင်းဂျုံ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ ထည့်ပြီးမွှေပါ။ ပြီးတာနဲ့ ပထမဆုံးနယ်ထားတဲ့ ကြက်သားတွေကို ထည့်ပြီး ဂျုံနဲ့နယ်ရမှာပါ။ နယ်ပြီးတာနဲ့ ဆီအိုးထဲထည့်ကြော်ပါမယ်။

ကြော်ပြီးသွားတာနဲ့ ဇလုံးအကြီးထဲကို ကြက်သားတွေခူးထုတ်လိုက်ပါ။ ခုနကလုပ်ထားတဲ့ Chili ဆော့စ်တွေကိုပါ ထည့်ပြီး သမအောင်နယ်ပါ။

နယ်ပြီးတာနဲ့ ပန်းကန်ထဲ သပ်သပ်ရပ်ရပ်ထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ ကြက်သားကို ထိုင်းစတိုင်လ် အစပ်ကြော်တာလေး ပြီးသွားပါပြီ။

Source: www.hotthaikitchen