အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥ Half-Fried အစပ်ကြော်ဆိုလို့ မအံ့သြလိုက်ပါနဲ့။ ကြော်နည်းကတော့ ရိုးရိုး ကြက်ဥ Half-Fried ကြော်သလိုပါပဲ။ အစပ်အရသာပေါ်လွင်အောင် အချဉ်စပ်နည်းကသာ တစ်ဆင့်ပိုသွားတာပါ။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီး အနီ ၁ တောင့်နှင့် အစိမ်း ၁ တောင့် (ခပ်ထူထူလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)၊ ကြက်သွန်မြိတ် ၁ ပင် (နုပ်နုပ်စဉ်းထားပါ)နှင့် ကြက်သွန်နီ ၁ ဥ (အကွင်းလိုက် လှီးဖြတ်ထားပါ)
  • သစ်ကြမ်းပိုးခေါက် ၁ ချောင်း
  • နာနတ်ပွင့် ၁ ပွင့်
  • တရုတ်နံနံ ၁ စည်း (ပါးပါးလှီးထားပါ)

  • ကြက်ဥ ၄ လုံး
  • ပဲငံပြာရည် ၁၂၅ မီလီလီတာ
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၆၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ခရုဆီ၊ ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်နှင့် ရေတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်ဥများကို Half-Fried ကြော်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပြန်ပေးပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် အဆင့် (၁) က ရောနှောထားသော ဆော့စ်များကို ဒယ်အိုးထဲသို့ လောင်းထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

သစ်ကြမ်းပိုးခေါက်နှင့် နာနတ်ပွင့်တို့ထည့်ပြီးနောက် သမအောင် မွှေပေးလိုက်ပါ။ ကြက်သွန်နီကွင်းနှင့် နံနံပင်တို့ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ဆော့စ်အရောအနှောကို ကြက်ဥကြော်ပေါ်သို့ လောင်းချပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ Half-Fried အစပ်ကြော်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Huangkitchen.com