အချိုပွဲအနေနဲ့ သစ်သီးဝလံ စားရတာလည်း ကြိုက်နှစ်သက်တယ် ကြက်ဥပူတင်းလည်း စားချင်တယ်ဆိုရင်တော့ ထိုနှစ်မျိုးရောထားတဲ့ သီးစုံ ကြက်ဥပူတင်းက MyFood Myanmar ရဲ့အစားအသောက်ချစ်သူတို့အတွက် နောင်တမရစေမယ့် ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။

သီးစုံ ကြက်ဥပူတင်းလို့ပြောပေမယ့် ကြက်ဥအစား Custard ပေါင်ဒါမှုန့်ကို သုံးထားပြီး ကိတ်မုန့်ချပ် ၄ ချပ်ကိုလည်း ထပ်ဆောင်း အသုံးပြုထား ပါသေးတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ၁ လီတာနှင့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • Custard ပေါင်ဒါအမှုန့် စားပွဲတင်ဇွန်း ၆ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ရောင်စုံသစ်သီးဂျယ်လီ ၄ မျိုး (စတော်ဘယ်ရီဂျယ်လီ၊ ငှက်ပျောသီး ဂျယ်လီ၊ သရက်သီးဂျယ်လီနှင့် လိမ္မော်သီးဂျယ်လီ)
  • ပန်းသီး တစ်ခြမ်း (အတုံးခပ်သေးသေး တုံးထားပါ)

နွားနို့ကို ဘယ်လို လူတွေ အဓိက သောက်သုံးသင့်သလဲ

  • အစိမ်းရောင် စပျစ်သီးနှင့် အနီရောင် စပျစ်သီး အနည်းငယ် (ထက်ခြမ်း ခြမ်းထားပါ)
  • သရက်သီးမှည့် ၁ လုံး (အတုံးသေး တုံးထားပါ)
  • ပေါင်ဒါသကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကိတ်မုန့် ၄ ချပ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်းကို Custard ပေါင်ဒါမှုန့် စားပွဲတင်ဇွန်း ၆ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးပူထဲသို့ နွားနို့ ၁ လီတာထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ဆူလာအောင် တည်ထားပါ။ မကြာခဏ မွှေပေးဖို့လည်း လိုပါမယ်။

၃။ ထို့နောက် သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း လောင်းထည့်ကာ အဆက်မပြတ်မွှေပေးရင်း ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

ပွက်ပွက်ဆူလာတဲ့အခါ စောစောက နွားနို့ Custard အရောအနှောကို လောင်းထည့်ကာ မီးအေးအေးဖြင့် သမအောင် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် မီးဖိုပေါ်ကချကာ ပန်းကန်လုံးအကြီးထဲ ပြောင်းထည့်ပြီး အအေးခံထားလိုက်ပါ။

၄။ ဂျယ်လီ ၄ မျိုးကို သမအောင် ရောနှောပြီးနောက် အတုံးသေးသေးလေးများဖြစ်သွားအောင် ချေပေးလိုက်ပါ။

သစ်သီး (၄) မျိုးကိုလည်း သမအောင် ရောမွှေပါ။ ထို့နောက် ပေါင်ဒါသကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် ထပ်မွှေပါ။

၅။ ထို့နောက် ဇောက်နက်သော လင်ဗန်းအရှည်ထဲသို့ ကိတ်မုန့် (၄) ချပ် ခင်းထည့်ထားပါ။

ကိတ်မုန့်ပေါ်သို့ ဂျယ်လီ တစ်ဝက်ခန့် ဖြန့်ထည့်ပါ။

ထို့နောက် နွားနို့အရောအနှောများ (တစ်ဝက်ခန့်)ကို ဂျယ်လီများ ဖုံးသွားသည်အထိ ဆမ်းထည့်ပါ။

ပြီးရင်တော့ သစ်သီးများ ဖြန့်ထည့်ပါ။ ကျန်ရှိနေသော နွားနို့အရောအနှောများ ဆမ်းထည့်လိုက်ပါ။ ထို့နောက် အပေါ်ဆုံးမျက်နှာပြင်ပေါ်တွင် ချယ်ရီသီး (သို့) စတော်ဘယ်ရီသီးဖြင့် အလှဆင်ထားလိုက်ပါ။

၆။ ထိုလင်ဗန်းကို ရေခဲသေတ္တာထဲတွင် ၄၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ သီးစုံ ကြက်ဥပူတင်း အချိုပွဲတစ်ပွဲ ရရှိသွားပါပြီ။

Source: N’Oven-Cake & Cookies