အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ထမင်းနဲ့လည်း တွဲဖက်စားသုံးနိုင်သလို ခေါက်ဆွဲပြုတ်နဲ့လည်း လိုက်ဖက်တဲ့ အမဲနံရိုးစွပ်ပြုတ်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲနံရိုး ၃ ပေါင်ခန့် (အနေတော် တုံးထားပါ)
  • ကြက်သွန်နီ ၁ ဥ (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • မုန်လာဥဖြူ ၂၅၀ ဂရမ် (အခွံခွာထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (၂ လက်မခွဲအရှည် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၃၀ ဂရမ် (အခွံခွာထားပါ)

  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရေ ၂ လီတာခွဲ
  • အမဲနံရိုး နယ်ရန် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲနံရိုးများကို ရေအေးထဲတွင် မိနစ် ၂၀ ခန့် စိမ်ပါ။

၂။ အိုးတစ်လုံးထဲတွင် ရေထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။ ထို့နောက် အမဲနံရိုးများကို ၆ မိနစ်၊ ၈ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။

ထို့နောက် အမဲနံရိုးများကို ဆယ်ယူကာ ရေအေးဖြင့် ထပ်မံဆေးကြောလိုက်ပါ။

၃။ အခြားသန့်စင်သော အိုးတစ်လုံးထဲတွင် အမဲနံရိုးများ၊ ကြက်သွန်နီ၊ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်နှင့် ရေ ၂ လီတာခွဲတို့ထည့်ကာ အဖုံးအုပ်ပြီး ဆူပွက်လာသည်အထိ တည်ပါ။

၄။ ၁ နာရီခွဲခန့် တည်ပြီးတဲ့နောက်မှာတော့ အမဲနံရိုးများနှင့် မုန်လာဥများကို ဆယ်ယူလိုက်ပါ။ အမဲပြုတ်ရည်ကိုတော့ အခြားအိုးတစ်လုံးထဲ ဆယ်ထည့်ထားပါ။ ကျန်ရှိနေသော ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ဖယ်ရှားလိုက်ပါ။

မုန်လာဥကို ပါးပါးလှီးကာ အမဲပြုတ်ရည်အိုးထဲ ထည့်ပါ။

၅။ အမဲနံရိုးများကိုတော့ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ဖြင့် သမအောင် နယ်ပါ။

ထို့နောက် စွပ်ပြုတ်အိုးထဲ ထည့်ကာ ၈ မိနစ်ခန့် ပြုတ်လိုက်ပါ။ အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်လေး ပါးပါးလှီးကာ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အမဲနံရိုးစွပ်ပြုတ်လေး ရရှိသွားပါပြီ။

ထမင်းနဲ့လည်း တွဲဖက်စားသုံးနိုင်သလို ခေါက်ဆွဲပြုတ်လေး ပြုတ်ပြီး ထည့်စားမယ်ဆိုလည်း လိုက်ဖက်ပါတယ်။

Source: Mykoreankitchen.com