အားလုံးပဲ မင်္ဂလာပါ။ ကျွန်မတို့ မြန်မာလူမျိုးတွေက ဟင်းချက်တဲ့အခါ ဆီများများအသုံးပြုပြီးချက်လေ့ရှိပါတယ်။ ဒါမှလည်း ထမင်းစားတဲ့အခါ ခြောက်ကပ်ကပ်ကြီးဖြစ်မနေမှာပါ။ ဒါ့အပြင် ဟင်းရည်ပူပူလေးတစ်ခွက်ကလည်း ထမင်းစားမြိန်အောင် ကူညီပေးပါသေးတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ထမင်းစားတဲ့အခါ ဟင်းရည်ပူပူလေးနဲ့စားလို့ရမယ့် အာလူး အမဲသား တို့ဖူးဟင်းရည်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၄ အောင်စ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • အာလူး အလတ်စား ၂ လုံး (သို့) ၃ လုံးခန့်
  • တို့ဖူး ၈ အောင်စ
  • ခေါက်ဆွဲ ၃ အောင်စ (ရေနွေးနွေးထဲမှာ မိနစ် ၂၀ ခန့် စိမ်ထားရန်)
  • ကြက်သွန်မြိတ် ၂ ခု
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အမဲသားကို အတုံးခပ်သေးသေး တုံးထားပြီး ပဲငံပြာရည်၊ ကြက်သွန်ဖြူတို့နဲ့ ရောနယ်ထားပါ။ အာလူးကို လခြမ်းပုံသဏ္ဍာန်အတုံး တုံးထားပါ။ တို့ဖူးကိုလည်း ၁ လက်မ၊ ၂ လက်မ အထူတုံးထားပါ။ ကြက်သွန်မြိတ်ကိုလည်း ၁ လက်မခန့် လှီးဖြတ်ထားပါ။

ဒယ်အိုးထဲ ဆီအနည်းငယ်ထဲပြီး အမဲသားထည့်လိုက်ပါ။ အမဲသား အညိုရောင်သမ်းလာတဲ့အထိ မွှေပေးလိုက်ပါ။

ထို့နောက် ဒယ်အိုးထဲသို့ ရေ ၆ ခွက်ထည့်ပြီး ခေါက်ဆွဲများပါထည့်လိုက်ပါ။ မီးအပူချိန်ကို အနည်းငယ်လျော့ထားလိုက်ပါ။ ဆူပွက်လာတဲ့အထိတည်ထားပါ။ ဆူပွက်လာပြီဆိုမှ အဖုံး ဖုံးထားပြီး ၅ မိနစ်ခန့် ဆက်တည်ပါ။

ပြီးတဲ့အခါ ဒယ်အိုးထဲသို့အာလူး၊ တို့ဖူးတို့ထည့်ပြီး ဆားနဲ့ ငရုတ်ကောင်းတို့ထည့်ကာ အပေါ့အငန်မြည်းကြည့်ပါ။ အာလူးများ အကျက်မလွန်ဖို့က အရေးကြီးတာကြောင့် ၅ မိနစ်ခန့်ပဲ ဆူအောင်တည်ထားပြီး ဒယ်အိုးချခါနီးမှကြက်သွန်မြိတ်လေးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး အမဲသား တို့ဖူးဟင်းရည်ပူပူလေးကို ထမင်းနဲ့သုံးဆောင်နိုင်ပါပြီ။

Source: www.koreanbapsang.com