အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ စွပ်ပြုတ်ပူပူစပ်စပ်လေးနဲ့ စားရမယ်ဆိုရင် အင်မတန်ကို စားမြိန်စေပါတယ်။ အထူးသဖြင့် ကိုရီးယားကားတွေ ထဲမှာ ထမင်းစားခန်းပါလာပြီဆို သူတို့စားနေတာမြင်ရရင် ကြည့်နေရင်း အလိုလိုဗိုက်ဆာလာတဲ့ခံစားချက်မျိုး ခံစားဖူးကြမှာပေါ့နော်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ဝက်နံရိုး အာလူးစွပ်ပြုတ် ချဉ်ချဉ်စပ်စပ် ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၂ ပေါင် ခန့်
  • ကြက်သွန်နီ ဥသေး တစ်ခြမ်း
  • ကြက်သွန်ဖြူ ၅ မွှာ
  • အကွင်းလိုက် ပါးပါးလှီးထားသော ချင်းအနည်းငယ်
  • မုန်ညင်းရွက် ၅ အောင်စ (သို့) ၆ အောင်စခန့်
  • အာလူး ၃ လုံး (အဆင်သင့်ပြုတ်ထားလိုက်ပါ)
  • ငရုတ်သီးမုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား
  • ငရုတ်ကောင်းမုန့်

ပြုလုပ်နည်းအဆင့်ဆင့်

ဝက်နံရိုးကို ရေအေးထဲမှာ တစ်နာရီစိမ်ထားပါ။ မိနစ် ၃၀ မှာ ရေတစ်ခါလဲပေးရပါမယ်။

ရေစိမ်ပြီးသော ဝက်နံရိုးများကို အိုးကြီးတစ်လုံးထဲထည့်ပြီး ၇ မိနစ်၊ ၈ မိနစ်ခန့် ပြုတ်လိုက်ပါ။

ထို့နောက် ဝက်နံရိုးများကို ဆယ်ယူပြီး ရေဆေးပါ။ အိုးကိုပါ တစ်ခါတည်း ဆေးလိုက်ပါ။ ဆေးပြီးသော အိုးကို မီးဖိုပေါ်ပြန်တင်ပြီး ရေ ၈ ခွက်ထည့်ကာ ဝက်နံရိုးများ၊ ကြက်သွန်နီတစ်ခြမ်း၊ ချင်း၊ ကြက်သွန်မြိတ်ထည့်ပြီး အဖုံးမဖုံးဘဲ ၁၀ မိနစ်ခန့် အပူချိန်ပြင်းပြင်းနဲ့တည်ထားပါ။ ထို့နောက် အပူချိန်ကို အလယ်အလတ်ပြန်လျော့လိုက်ပြီး အဖုံးအုပ်ထားကာ မိနစ် ၅၀ ခန့် တည်ထားပါ။

ဝက်နံရိုးတည်ထားတဲ့အချိန်မှာ ဟင်းအနှစ် စပ်စပ်ကလေးဖြစ်အောင် ဖော်စပ်ရပါမယ်။ ပန်းကန်လုံးတစ်လုံးထဲကို ငရုတ်သီးမုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

ထို့နောက် အခြားအိုးတစ်လုံးနဲ့ မုန်ညင်းရွက်များကို ၄ မိနစ် (သို့) ၅ မိနစ်ခန့် ပြုတ်လိုက်ပါ။

ပြုတ်ထားသော မုန်ညင်းရွက်များကို ဟင်းအနှစ်များနဲ့ ရောနယ်လိုက်ပါ။

ပြုတ်ထားသော အာလူးများကို အခွံခွာပြီး အတုံးခပ်သေးသေးလေး တုံးလိုက်ပါ။

ပြုတ်ထားသော ဝက်နံရိုးများ မိနစ် ၅၀ ပြည့်ပြီးပါက အာလူးအတုံးများ၊ မုန်ညင်းရွက်များကို အိုးထဲထည့်ပြီး ၁၀ မိနစ်ခန့် ဆူအောင် တည်လိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ဆားနဲ့ ငရုတ်ကောင်းထည့်ကာ အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ ဆွေမျိုးမေ့သွားစေမယ့် အရသာထူးကဲကောင်းမွန်လှသော ကိုရီးယားစတိုင်လ် ဝက်နံရိုး အာလူးစွပ်ပြုတ်စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: www.koreanbapsang.com