မင်္ဂလာပါနော်။ ဒီတခါမှာတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကလေးရော လူကြီးပါ ကြိုက်နှစ်သက်မယ့် ဂျင်း ကြက်သား စွပ်ပြုတ်လုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- ဆီ အနည်းငယ်
- ကြက်သွန်နီ အတုံးသေးသေးလှီး ၁ လုံး
- ကြက်သွန်ဖြူ ၃ မွှာ ပြားအောင်ရိုက်ပါ
- ဂျင်း တောက်တောက်စဉ်း
- မုန်လာဥဖြူ (သို့) မုန်လာဥနီ အနည်းငယ်
- နံနံပင် အနည်းငယ် ပါးပါးလှီး
- ဆား အနည်းငယ်
- ကြက်သား
- ကြက်သွန်မြိတ်ပါးပါးလှီး
- ရွှေပဲသီး
ပြုလုပ်နည်း
အရင်ဆုံး အိုးထဲကို ဆီနည်းနည်း ၊ ဂျင်း၊ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ ၊ နံနံပင် အားလုံးထည့်ပြီး ရေထည့်လိုက်ပါ။
ပွက်ပွက်ဆူအောင်သည်ပြီး ဆူလာရင် အပူကို လျှော့လိုက်ပါ။ ပြီးရင် ဆားနည်းနည်းထည့်ပါ။ အဲဒီနောက် ၃ နာရီ ၄ နာရီလောက်သည်ပါ။ ရေခမ်းသွားရင် ရေကို ထပ်ထည့်ပေးပါ။
အိုးချခါနီးမှာ ရွှေပဲသီးကို ထည့်လိုက်ပါ။ ကြက်သားလုံးဝ နှုးသွားရင် ရပါပြီနော်။ ရပြီဆိုရင် ကြက်သွန်မြိတ်လေး ထည့်လိုက်ပါ။
ကြက်သားကို ဆစ်လိုက်ပြီး အသားကို အသားသတ်သတ်စားကာ စွပ်ပြုတ်ချည်း သတ်သတ် သောက်ချင်လို့လည်းရပါတယ်။
ကြက်သားကို အတုံးလိုက်ထည့်ပြီး ချက်နိုင်သလို အတုံးလိုက်မဟုတ်ဘဲ အလွယ်တကူ စားလို့ရအောင်လည်းချက်နိုင်ပါတယ်။ မိမိကြိုက်နှစ်သက်တဲ့အရွက်ကိုလည်း ထည့်နိုင်ပါတယ်။