ဂျင်းက လေထိုးလေအောင့် သက်သာပြီး အစာအိမ်အတွက် အထူးကောင်းမွန်တဲ့ ဆေးဖက်ဝင်အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တိုင်းမှာလည်း အနံ့မွှေးဖို့အတွက် ဂျင်းဖြင့် ဆီသတ်လေ့ရှိကြပါတယ်။

ဒီတစ်ခါမှာတော့ ဂျင်းနဲ့ ဆီသတ်ရုံမဟုတ်ဘဲ ဂျင်းများများနဲ့ ရောကြော်ထားတဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကြက်သားကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၄၅၀ ဂရမ် (တစ်လက်မပတ်လည် အတုံးတုံးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ၂ လက်မပတ်လည် ဂျင်း တစ်တုံး (အရှည်လိုက် ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၁ တောင့်နှင့် ငရုတ်ပွ အနီ တစ်လုံး (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီးနောက် ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် သိပ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ခရုဆီ၊ ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားများ ထည့်ကြော်ပေးလိုက်ပါ။ ကြက်သား တစ်ဖက်ခြမ်းက အညိုရောင်ပြောင်းသွားပါက တစ်တုံးချင်းစီကို အခြားတစ်ဖက်သို့ လှန်ပေးလိုက်ပါ။ ထို့နောက် ဂျင်းများ ထည့်ကာ ရောကြော်ပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ အဆင့် (၂) က သမအောင် မွှေထားသောဆော့စ်အရည်များကို အိုးထဲလောင်းထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။

၅။ ပြီးရင်တော့ ငရုတ်သီးနှင့် ငရုတ်ပွတို့ထည့်ကာ စက္ကန့် ၃၀ ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ ဂျင်းအနံ့သင်းနေတဲ့ ကြက်သားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com