ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး အရသာလည်း ရှိတဲ့ နို့ပူတင်းလေးကို မိမိအိမ်မှာပဲ အရသာရှိရှိ မလုပ်စားချင်ကြဘူးလား။

ကျန်းမာရေးနဲ့ ညီညွှတ်ဖို့အတွက်ဆိုရင်တော့ ဂျင်းရည်လေး နည်းနည်း ထည့်ပေးဖို့လိုပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ၄၀၀ မီလီလီတာ
  • ဂျင်းရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျင်းတုံးကို ဇွန်းအသုံးပြုပြီး အခွံခြစ်ချလိုက်ပါ။ ထို့နောက် ဂျင်းကို နုပ်နုပ်စဉ်းပါ။ ပြီးရင် ဂျင်းများကို ဆန်ခါထဲထည့်လိုက်ပါ။ ဆန်ခါအောက်မှာ ပန်းကန်လုံးအသေးတစ်လုံးခံထားပါ။ ထို့နောက် ဂျင်းရည်များ ထွက်လာအောင် ဂျင်းများကို ဇွန်းဖြင့် ဖိချလိုက်ပါ။

ရရှိလာတဲ့ ဂျင်းရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို နို့ပူတင်းပြုလုပ်မယ့် ပန်းကန်လုံးထဲထည့်ထားလိုက်ပါ။

၂။ ဒုတိယအဆင့်အနေနဲ့ ဒန်အိုးကို အပူပေးပြီး နွားနို့ထည့်၊ သကြားထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ နွားနို့ ဆူလာပြီဆိုရင်တော့ မီးဖိုပေါ်က ချပြီး ၃ မိနစ်လောက် အအေးခံထားလိုက်ပါ။

၃။ နွားနို့က အရမ်းမပူ အရမ်းကြီး မအေးသွားခင်မှာ ဂျင်းအရည်ထည့်ထားသော ပန်းကန်လုံးထဲသို့ လောင်းချလိုက်ပါ။ ထို့နောက် ပန်းကန်လုံးကို ၅ မိနစ်ခန့် အဖုံးအုပ်ထားလိုက်ပါ။

(၅) မိနစ်ပြည့်သွားတဲ့အခါမှာတော့ နို့ပူတင်း ပူပူနွေးနွေးလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။ အပူ မကြိုက်ဘူး။ အေးအေးလေး စားရတာပဲ ကြိုက်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲ အအေးခံထားပြီးမှ သုံးဆောင်နိုင်ပါတယ်။